သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းလားအဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကန့်သတ်ရက် မြန်မာအစိုးရ တလတိုးပေး


မိုင်းလားအဖွဲ့လို့ လူသိများတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ က အပစ်ရပ် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော်ကို ရှေ့လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရက ထပ်မံ တောင်းဆိုလိုက်ပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးမှုတွေ ရှိနေတဲ့အချိန်မှာ တိကျတဲ့ အဖြေမပေးရင်တော့ မတရားသင်းအဖြစ် သတ်မှတ်ခံရနိုင်တဲ့ အနေအထား ရှိတယ်လို့လည်း အကဲခတ်တွေက တွက်ဆနေကြပါတယ်။ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တင်းမာမှု နောက်ဆုံး အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ မိုင်းလားအဖွဲ့ ကိုယ်စားလှယ်တွေ နောက်ဆုံးအကြိမ်အဖြစ် ကျိုင်းတုံမြို့ တြိဂံဒေသ စစ်တိုင်းရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီလို တွေ့ဆုံစဉ်မှာ မိုင်းလားအဖွဲ့ကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အသွင်ပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“မိုင်းလားအဖွဲ့က ဒု-ဥက္ကဋ္ဌ ပေါင်ချန်လူ၊ ဒု-စစ်ဦးစီးချုပ် ခမ်းမောင်ဆိုတာ အခါအမျိုးသားထင်တယ်၊ သူတို့အဖွဲ့ ၈ ယောက်၊ ၉ ယောက်လောက် သွားတယ်။ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲလောက် အစောကြီး ထွက်သွားတယ်။ ၂၈ ရက် မနက်ပိုင်းကတည်းက ခေါ်ထားတာ၊ တြိဂံစစ်တိုင်းရုံးက။

“သွားတော့ ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ သွားနားထောင်ရတယ်။ ဘာမှ ပြောခွင့်မရှိဘူး။ ခင်ဗျားတို့ အသွင်ပြောင်းမလား၊ မပြောင်းဘူးလား၊ ဒက်လိုင်းပေးခဲ့တာလည်း များလှပြီပေါ့၊ လေးငါးခါရှိပြီ။ ဒါကတော့ တကယ့်ကို နောက်ဆုံးပဲပေါ့။ ဧပြီလ ၂၈ ရက်အထိ ဘာမှ အကြောင်းမပြန်ဘူး၊ သဘောမတူဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် အပစ်မရပ်ခင် ၁၉၈၉ မတိုင်ခင်က အခြေအနေအတိုင်းပဲ သဘောထားမယ်လို့ ပြောတယ်။ သဘောကတော့ အလိုအလျောက် မတရားအသင်း ဖြစ်သွားမှာပေါ့ဗျာ။”

ဒီတွေ့ဆုံပွဲမှာ မိုင်းလားအဖွဲ့ ကိုယ်စားလှယ်တွေက တစုံတရာ ပြန်လည် မဆွေးနွေးခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့မှာတော့ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ဟာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ကိုယ်စားလှယ်တွေနဲ့ တန့်ယန်းမြို့မှာ တွေ့ဆုံဖို့ ပြင်ဆင်ထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ မိုင်းလားအဖွဲ့ ဆွေးနွေးနေချိန်၊ ဝတပ်ဖွဲ့နဲ့ ထပ်မံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ တရုတ်၊ မြန်မာ နယ်စပ်က အပစ်ရပ် ဒေသတွေမှာတော့ တည်ငြိမ်မှုမရှိဘဲ ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဒီလို စိုးရိမ်ရတဲ့ အဓိက တချက်ကတော့ လွန်ခဲ့တဲ့ အပတ်အတွင်းက ဝဒေသမှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေကို မြန်မာစစ်အစိုးရက ပြန်လည်ခေါ်ယူခဲ့ချိန်က စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ဝဒေသကနေ ထွက်ခွာသွားခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်ဒေသက နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ မြန်မာစစ်အစိုးရက တပ်တွေ တိုးချတာ၊ ဝန်ထမ်းတွေ ခေါ်ယူတာဟာ အပစ်ရပ် အဖွဲ့တွေကို မတည်မငြိမ်ဖြစ်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်ဒေသမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ဖွဲ့တွေ အတွင်းမှာလည်း မတည်မငြိမ် ဖြစ်နေတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ဒီ နယ်စပ်ဒေသ တပ်တွေဆို ပိုဆိုးတာက တိုက်ပွဲဖြစ်တော့မလား၊ ဖြစ်တော့မလားဆိုတဲ့ ပြဿနာတွေရှိတယ်။ သူတို့ ဖန်တီးတာက ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေကို ဖန်တီးတာ ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း သူတို့ဘက်ကလည်း တုံ့ပြန် ခံစားရတာပေါ့ဗျာ။ တပ်မိသားစုတွေပါ လက်နက်တပ်ဆင်ပြီးတော့ လေ့ကျင့်ခန်းတွေ လုပ်တယ်။ တကယ်လို့ ဟိုက လာတိုက်ရင် တပ်တင်မဟုတ်ဘူး၊ အိမ်ထောင်သည်တွေပါ တိုက်ခိုင်းနိုင်အောင် ဆိုပြီးတော့။

“ဝနယ်စပ်ဒေသမှာရှိတဲ့ မိုင်းရယ်တို့၊ တန့်ယန်းဗျူဟာမှာ ရှိတဲ့တပ်တွေ၊ ကိုးကန့်ဒေသမှာရှိတဲ့ မိသားစု တပ်ဖွဲ့တွေတို့ကို လုပ်ပေးနေတယ်လို့ ကျနော်တို့ ကြားတယ်။ တချို့မိသားစုတွေဆို ရွှေ့ကုန်ပြီ။ နောက်တန်းမှာရှိတဲ့ တပ်မိသားစုတွေဆို ပြန်ကုန်ကြပြီ၊ သူတို့ဒေသတွေကို။”

အထူးသဖြင့် လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာတပ်ဖွဲ့တွေ သိမ်းယူလိုက်တဲ့ ကိုးကန့်ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ပိုများလာနေပြီး စစ်အစိုးရကို ထောက်ခံတဲ့ ကိုးကန့်ခေါင်းဆောင် ပိုင်စုံချိန် မိသားစု ကိုယ်တိုင် တရုတ်ပြည်မှာ သွားရောက် နေထိုင်နေရတယ်လို့ ပြောပါတယ်။

“ကိုးကန့်ဒေသရဲ့ တည်ငြိမ်မှုကတော့ မကောင်းပါဘူး။ ဆူပူလှုပ်ရှားမှုတွေ၊ အကြမ်းဖက် ဗုံးခွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်နေတာ။ ပိုင်စုံချိန်ရဲ့လူဖြစ်တဲ့ လူဖျောင်းကို လားရှိုးဘက်မှာ လုပ်ကြံခံခဲ့ရတယ်။ မြို့ပေါ်အထိတက်ပြီး လုပ်ကြံသွားတာ။ မကြာခဏလည်း ဗုံးတွေ ကွဲနေတယ်။ နောက်ဆုံး ပိုင်စုံချိန်ရဲ့ မိသားစုကိုယ်တိုင် အဲဒီမှာ မနေရဲတော့ဘဲ တရုတ်ပြည်ဘက်မှာ လာနေကြတယ်။”

ဒီလ ၂၇ ရက်နေ့ကလည်း စစ်အစိုးရကို ပြန်လည်တော်လှန်နေတဲ့ ကိုးကန့် လက်နက်ကိုင် ၇ ယောက်ကို လောက်ကိုင်ဒေသမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ကိုးကန့်ဒေသမှာ မတည်မငြိမ် ဖြစ်နေတာကြောင့် မြန်မာစစ်အစိုးရက တရုတ်အစိုးရကို အကူအညီ တောင်းခံထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် တောင်းဆိုထားတာဟာ လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာဆို တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိတော့ ကချင်၊ မွန်၊ ရှမ်း၊ ဝနဲ့ မိုင်းလား စတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG