သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လေ့လာသုံးသပ်နေသူ Prof. Josef Silverstein ရဲ့ အမြင်သုံးသပ်ချက်


ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စစ်အစိုးရထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ပါတီကို မှတ်ပုံပြန်မတင်ဘူးလို့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာ သုံးသပ် နေသူ Prof. Josef Silverstein ( Rutgers University) ပြောဆိုပါတယ်။ ပါမောက္ခ ဂျိုးလ်ဆဖ် ဆေးဗလ်စတိုင် ရဲ့ လေ့လာ သုံးသပ်ချက် အမြင်အသေးစိတ်ကို ဦးကျော်ဇံသာ က Prof. Josef Silverstein ကို မေးမြန်းဆွေးနွေး သုံးသပ် တင်ပြထား ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရပြဋ္ဌာန်းတဲ့ ရွေးကောက်ပွဲဥပဒေ နဲ့အညီ ပါတီကို မှတ်ပုံလည်းမတင်၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပါမောက္ခကြီး ဘယ်လိုသဘောရပါသလဲ။

Prof. Josef Silverstein ။ ။ ဒါဟာ မြန်မာပြည်သူတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ စစ်အစိုးရဟာ သူတို့ပါတီ၊ ခေါင်းဆောင်ပိုင်း၊ သူတို့သဘောထားအမြင်တွေကို အရေးတယူအသိအမှတ်ပြုထားတာ မရှိလေတော့ သူတို့ဘာသာသူတို့ ဒီလိုပဲဆုံးဖြတ်ရမှာပါ။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အကြောင်း မရှိပါဘူး။ ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက ဆရာကြီးပြောသလို အသိအမှတ်မပြုဘူး။ သူတို့ခေါင်းဆောင်ပိုင်းကိုလည်း အသိအမှတ်မပြုဘူး တရားဝင်ထုတ်ဖော်ပြောကြားတာ မရှိဘူးခင်များ။

Prof. Joseph Silverstein ။ ။ အန်အယ်လ်ဒီ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပါ။ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ပါတီပါ။ ပြည်သူတွေရဲ့ အခွင့်အရေးကို တပ်က ဖိနှိပ်ချုပ်ချယ်ထားပါတယ်။ ကမ္ဘာပေါ်မှာ အသိအမှတ်ပြု ထားတဲ့ လူ့အခွင့်အရေးတွေကိုလည်း တခုမှ ခွင့်ပြုထားတာမရှိပါဘူး။ ဆိုတော့ စစ်အစိုးရ စိတ်ကျေနပ်ပါစေတော့ဆိုပြီး အန်အယ်လ်ဒီ က ရွေးကောက်ပွဲ ဝင်စရာမလိုပါဘူး။ စစ်တပ်က သူတို့ကို လိုက်လျောတာ၊ ခွင့်ပြုတာ ဘာမှမရှိဘူး။ ဒါကြောင့် အခုလို ဆုံးဖြတ်လိုက်တာ စစ်အစိုးရလုပ်ရပ်နဲ့ လိုက်လျောညီထွေတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုံးဝမှန်ကန်တယ်လို့ ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲအတွက် ပါတီကို မှတ်ပုံမတင်ဘူးဆိုရင် ပါတီ ရပ်တည်ရေးအတွက် အခက်အခဲကြုံတွေ့ရ မယ်လို့ မတွက်ဘူးလားခင်များ။

Prof. Josef Silverstein ။ ။ အန်အယ်လ်ဒီ က မှတ်ပုံမတင်ဘူးဆိုရင် စစ်အစိုးရမှာ အတိုက်အခံမရှိ ဖြစ်သွားပါလိမ့်မယ်။ စစ်အစိုးရက ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီပြည့်ဝတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ တောက်လျှောက်ပြောထားခဲ့တာ အတိုက်အခံ မရှိတော့တဲ့အတွက် ဒီမိုကရေစီ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး။ ဆိုတော့ စစ်အစိုးရက ပြည်သူလူထုကို အခြေခံအခွင့်အရေးပေးဖို့ ငြင်းဆန်တဲ့လူတွေ ဖြစ်သွားတဲ့အတွက် ဒီနေရာမှာ သူတို့အမြတ်မထွက်ဘဲ အရှုံးပေါ်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါဆိုရင် အန်အယ်လ်ဒီ ပါတီအနေနဲ့ မှတ်ပုံမတင်ဘူးဆိုရင် ဆက်လက်ရှင်သန်နိုင်ပါ့မလား။

Prof. Josef Silverstein ။ ။ ဘာကြောင့် မရှင်သန်နိုင်ဘူးလို့ ခင်များထင်တာလဲ။ သူတို့က အစားအစာ ငတ်ပြတ်သွားမှာ မို့လို့လား။ သေသေချာချာ စဉ်းစားကြည့်ရပါမယ်။ အခုပဲ မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင် နိုင်ငံတကာကို တင်ပြနိုင်ခဲ့ပြီ မဟုတ်လား။ အန်အယ်လ်ဒီ က သူတို့အချင်းချင်းကြား နဲ့ ပြင်ပကမ္ဘာနဲ့ အမြဲတမ်းအဆက်အသွယ်လုပ် ရှိနေပါတယ်။ စစ်အစိုးရကသာ ပြည်ပကမ္ဘာနဲ့ ဆက်သွယ်ပြီး ရှင်သန်ဖို့လိုနေတာပါ။ သူတို့ဟာ အရာရာကို လျှို့ဝှက်လုပ်နေရတာပါ။ ရွေးကောက်ပွဲနဲ့ ဆုံးဖြတ်ချက်တွေကို အန်အယ်လ်ဒီ က ဒီရက်အတွင်းတွေမှာ ကမ္ဘာကို အသိပေးခဲ့တယ်။ စစ်အစိုးရက ဘာမှအသိမပေး၊ မပြောနိုင်ဖြစ်နေတာပါ။ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ်ဆိုတာတောင် မပြောနိုင်သေးဘူး။ ဘယ်သူတွေ ပါဝင်မယ်ဆိုတာလည်း မပြောနိုင်သေးဘူး။ အန်အယ်လ်ဒီ ဘက်က လူသိရှင်ကြား ကမ္ဘာသိ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီအချိန်မှာ အမိန့်ထုတ်ပြီး မှတ်ပုံမတင်တဲ့ပါတီ၊ ရွေးကောက်ပွဲ မဝင်တဲ့ပါတီတွေ တရားဝင် ရပ်တည်ခွင့် မပေးတော့ဘူး၊ ဖျက်သိမ်းလိုက်တယ်လို့ လုပ်လာရင် ဘာလုပ်မလဲ။

Prof. Joseph Silverstein ။ ။ ဒါကတော့ အမြင်တမျိုးပေါ့။ ဒါလည်းဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ အတိုက်အခံတွေအနေနဲ့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေအနေနဲ့ တယောက်နဲ့တယောက် ဆက်သွယ် နိုင်သမျှ သူတို့ဆက်ရှင်သန်နေမှာပါ။ နိုင်ငံရေးဆိုတာ စာနဲ့ပေနဲ့ ရေးသားရသလို၊ စကားနဲ့ အပြောအဆိုနဲ့ လုပ်ရတဲ့အလုပ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ က ဒီလိုရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် နိုင်ငံရေးဖြစ်စဉ်မှာ ဆက်လက်ပါဝင်နိုင်ပြီး ဒီမိုကရေစီ အခွင့်အရေးတွေကို နည်းနည်းချင်း ချဲ့ထွင်းလုပ်နိုင်ခွင့်ရမယ်။ အခုလို့ လုံးဝမပါဘဲ နေလိုက်တော့ တိုင်းပြည် အကျိုး ဆောင်ရွက်နိုင်မယ် အခွင့်အရေး ရှုံးသွားတယ်လို့ ပြောတဲ့လူတွေလည်း ရှိကြပါတယ်။

Prof. Josef Silverstein ။ ။ စစ်အစိုးရက တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်နေတာ တခုမှ မတွေ့ရဘူး။ ပြည်သူတွေ ရရှိခံစားနိုင်အောင် စစ်တပ်က ဘာမှလုပ်မပေးပါဘူး။ သူတို့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကိုလည်း အာမခံပေး လုပ်ပေးတာလည်း မရှိပါဘူး။ ပြည်သူတွေအတွက် ဒါထက်ဆုံးရှုံးနှစ်နာစရာ မရှိတော့ပါဘူး။ ဒါကြောင့် အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ရင် တိုင်းပြည်ကောင်းအောင် တစုံတရာလုပ်ပေးနိုင်လိမ့်မယ်ဆိုတဲ့ အယူအဆဟာ အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားပဲ ဖြစ်ပါတယ်။ စစ်အစိုးရက တိုင်းပြည်ကောင်းအောင် လုပ်ပေးနေတာ တခုမှ ကျနော်မတွေ့ရဘူး။ ဒီ အတုအယောင် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါဝင်လိုက်တဲ့အတွက် သူတို့ဘက်က ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဘာမှ ကတိမပေးပေမယ့် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်လူတွေ အများကြီးရှိတယ်လို့ ယူဆပြီး ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာ ရှိတဲ့ ရွေးကောက်ပွဲပါလို့ လူတွေကို ပြောလာလိမ့်မယ်။ ကျနော်တို့က ဒီကိစ္စတွေကို စစ်တပ်ရှု့ထောင့်က မကြည့်ဘဲနဲ့ ပြည်သူလူထု ရှုထောင့်က ကြည့်ရပါလိမ့်မယ်။ ပြည်သူတွေက သိပ်ကို မဲပေးချင်ကြပါတယ်။ ဒါပေမဲ့ သူတို့က လွတ်လပ်တဲ့ ရွေးကောက်ပွဲကိုပဲ လိုချင်ကြတာ။ ဒါကို သူတို့မကြာခဏ ပြသခဲ့ကြပြီးပါပြီ။ နိုင်ငံတကာကလည်း သိနေကြပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲမှာ မဲမပေးရလို့ အန်အယ်လ်ဒီ မပါလို့ လူထုဘက်က အရှုံးပေါ်စရာ မရှိတော့ပါဘူး။ ရှုံးနိုင်မယ့်လူက စစ်အစိုးရ ပဲ ဖြစ်ပါတယ်။ သူတို့က လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ သပိတ်မှောက်ခံရတာ သူတို့ပဲ ရှုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို ဆက်ပြီးဆွေးနွေးလိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကမ္ဘာ့အနောက်ခြမ်း ဒီမိုကရေစီနိုင်ငံတွေက ဒီလိုစကားမျိုးကို ပြောဆိုလာခဲ့တာ နှစ်ပေါင်း (၂၀) ကျော်လာခဲ့ ပါပြီ။ သူတို့ရဲ့ လုပ်ရပ်ကြောင့်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီဘက်ကို တလက်မမှ ရွေ့သွားတာ မတွေ့ခဲ့ရပါဘူး။ အခုလက်ရှိ အခြေအနေမှာ သူတို့ဘက်က ဘာများလုပ်ပေးနိုင်မယ် ထင်ပါသလဲ။

Prof. Josef Silverstein ။ ။ သူတို့ဟာ စစ်အစိုးရနဲ့ ဆက်သွယ်ပြီး စစ်အစိုးရ နားမလည်တဲ့ အချက်တချို့ကို ရှင်းပြရ ပါမယ်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ လူထုရဲ့ ပုဂ္ဂိုလိက အခွင့်အရေးတွေကို လေးလေးစားစား နဲ့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ရတဲ့ ဖြစ်စဉ်တခုပါ။ လူထုကို မတ်တပ်ရပ်နေခိုင်းပြီး မဲပေးခိုင်းမယ့်အစား စစ်တပ်က ရေးချင်တာရေး ပေးချင် သူကို ပေးလို့ရတာ မဟုတ်ပါဘူး။ သူတို့ မဲပြားကို လူထုကိုယ်တိုင် ရေးရ ဖြည့်ရ ပေးရတာဖြစ်ပါတယ်။ အခု စစ်တပ်က သူတို့ အဆင့်အတန်းကို သူတို့ဘာသာ နိမ့်ကျအောင် သေးသိမ်အောင် လုပ်နေပါတယ်။ အခု စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လူထုက မယုံကြည်ပါလားဆိုတာကို ကမ္ဘာက မြင်တွေ့ကြရပါလိမ့်မယ်။ ဒါတွေကို စစ်တပ်နားလည်အောင် နိုင်ငံတကာက ပြောကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို ပြောဆိုတာကို စစ်တပ်က နားလည်ပါ့မလား။ လိုက်နာဆောင်ရွက်မလား။ သူတို့ နားလည်လက်ခံ လာအောင် ဘယ်လိုမျိုး ပြောသင့်တယ် ထင်ပါသလဲ။

Prof. Josef Silverstein ။ ။ သူတို့ နားလည်တာကတော့ အင်အား ဖြစ်တယ်။ ဒီ အင်အားဆိုတာကိုလည်း သူတို့သာ တဘက်သတ် အသုံးပြုနေတယ်။ လူထုဟာ အင်အား မသုံးပါဘူး။ အင်နဲ့အားနဲ့ လုပ်နိုင်တဲ့ကိစ္စတွေကိုလည်း ရုပ်သိမ်းခံထား ရပါတယ်။ စစ်တပ်က ရုပ်သိမ်းပိတ်ပင်ထားတာပါ။ ဒါကြောင့် လူထုက စိတ်စိတ်နေခြင်းဆိုတဲ့ လက်နက်ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ ကွဲလွဲတဲ့ အပြုအမှုမျိုးကို ပြသရမယ်။ စစ်တပ်ရဲ့ အမိန့်မှန်သမျှကို ကြံ့ကြံ့ခံ ဖီဆန်ကြရမှာ ဖြစ်ပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီး ကျနော်မေးတာက နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာလုပ်နိုင်မလဲဆိုတာကို မေးတာပါ။ သူတို့ သိစေချင်တာကို စစ်အစိုးရ တကယ်နားလည်သဘောပေါက်လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုပြောရမလဲ ဆိုတာပါ။

Prof. Josef Silverstein ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်တပ်နားလည်လာအောင် ဘာမှမလုပ်နိုင်ပါဘူး။ စစ်အစိုးရ ကလည်း ပြည်ပကမ္ဘာက မကြိုက်ဘူးဆိုတာ သိတယ်။ အရှေ့ခြမ်း နဲ့ အနောက်ခြမ်းက နိုင်ငံတချို့က နိုင်ငံတခုမှာ ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်မှု ရှိစေချင်တယ်ဆိုရင် လွတ်လပ်မှုရှိဖို့ သိပ်အရေးကြီးတယ်လို့ စစ်အစိုးရ နားဝင်လာ အောင် ပြောဖို့ လိုပါတယ်။ ဒါပေမဲ့ ဒါကို စစ်တပ်က သဘောမပေါက်ပါဘူး။ ဒါကြောင့် အနောက်ဘက်ကဖြစ်ဖြစ် အရှေ့ဘက်ကဖြစ်ဖြစ် ဘယ်လိုပဲ ကြိုးပမ်းကြိုးပမ် အကျိုးမရှိနိုင်ပါဘူး၊ အချည်းနှီးကြီးပါပဲ။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာလည်း စစ်အစိုးရကို အပျော့ဆွဲ ဆက်ဆံချင်တဲ့ နိုင်ငံတွေ ရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စုတောင်မှ သမ္မတ အိုဘားမား တက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမူဝါဒကို နည်းနည်း လျှော့ပေါ့ ဆက်ဆံလာတယ် မဟုတ်ဘူးလား။ ဒီလို အပျော့ဆွဲ မူဝါဒတွေဟာ အလုပ်မဖြစ်ဘူးဆိုတာ ပေါ်လွှင့်လာတယ် မဟုတ်ဘူးလား။

Prof. Josef Silverstein ။ ။ ကျနော်က အမေရိကန်မူဝါဒ ပျော့ပျောင်းလာတယ်လို့ မထင်ဘူး။ ခင်များက ဘာကြောင့် ပျော့ပျောင်းတယ်လို့ ထင်ရသလဲ။ သူတို့ လူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ရမယ်လို့ ပြောတာလေ။ ရာရာစစ ဗျာ အမေရိကန် မူဝါဒ က ပြောင်းလဲမှုရှိတယ်ဆိုတာ မှန်တယ်။ အမေရိကန် မူဝါဒဟာ ဘယ်လိုအချက်တွေပေါ်မှာ မူတည် နေတယ်ဆိုတာ ပြောတယ်။ စစ်အစိုးရက ဒီမိုကရေစီကျင့်စဉ်နဲ့ စိုက်လိုက်မတ်တပ်လုပ်ရင်၊ တကယ်လိုလိုလားလားလုပ်ရင် အဲဒီအတွက် အမေရိကန်ဘက်က တုံ့ပြန်မယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ အမေရိကန်က ဘာမှမလုပ်ရသေးပါဘူး။ စစ်အစိုးရ တကယ်လုပ်လာမှ ဒီဘက်က တုံ့ပြန်မှာပါ။ ဒါကြောင့် အခုအချိန်အထိ အရင်အတိုင်းပဲ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါဖြင့် အခုဖြစ်ထွန်းနေတဲ့ အခြေအနေတွေအရ အမေရိကန်ဘက်က ပိုပြီး တင်းကျပ်သင့်တယ်လို့ မထင်ဘူးလား။

Prof. Josef Silverstein ။ ။ မလိုအပ်ပါဘူး။ ပျော့ပျောင်းမူဝါဒကို စစ်အစိုးရက အပြည့်အ၀ သဘောမပေါက်ဘူး။ ဒါကြောင့် ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ သူတို့ လုပ်ရမှာက အပြောင်းအလဲလုပ်ဖို့၊ ဒီမိုကရေစီကို ဦးတည်ဖို့နဲ့ မြန်မာပြည်ကို ပွင့်လင်းတဲ့ လူအဖွဲ့အစည်းဖြစ်အောင် ဖွင့်ပေးဖို့ပါ။ ဒါဆိုရင် အပြောင်းအလဲတွေ အများကြီးဖြစ်လာအောင် ဖွင့်ပေးရလိမ့်မယ်။ အခုတော့ စစ်အစိုးရက နိုင်ငံတကာရဲ့ဆန္ဒကို အပြည့်အ၀ သဘောမပေါက်။ သူတို့လိုချင်တဲ့အရာကို အင်အားသုံးတာကလွဲရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိတာက စစ်တပ်ပါ။ ဆိုတော့ အနောက်နိုင်ငံတွေ ဒီမိုကရေစီ နိုင်ငံတွေက သူတို့လုပ်ရပ်ကို ဆန့်ကျင်လာလိမ့်မယ်ဆိုတာကိုတော့ စစ်တပ်က ကြိုတွက်ပြီးသားဖြစ်မှာပါ။ ဒါကြောင့် စစ်တပ်က ဘာဆက်လုပ်မယ်ဆိုတာကို စောင့်ကြည့်ပြီးမှ နိုင်ငံတကာ အသိုင်းအဝိုင်းက ရှေ့တိုးဆောင်ရွက် ကြရမှာပါ။ စစ်တပ်လိုအပ်ချက်နဲ့အညီ ပြည်သူတွေက လုပ်ပေးရမှာလား။ ပြည်သူဆန္ဒအတိုင်း စစ်တပ်က လိုက်ပါ ဆောင်ရွက်ကြမှာ လား ဆိုတာကို ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို နည်းနည်းမေးချင်ပါတယ်။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ က ဒီနေရာမှာ ဘယ်လောက် အရေးကြီးပါသလဲ။ ရှိရောရှိပါသေးသလား။

Prof. Josef Silverstein ။ ။ ကုလသမဂ္ဂကလည်း မျက်နာမပေးဘဲ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ ပြောဆိုခဲ့ပါ တယ်။ ဒီမိုကရေစီကျင့်စဉ်အတိုင်း ကျင့်ကြံဖို့ တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင် သူ့လုပ်ရပ် အာဏာ အကုန်သုံးပြီး စစ်အစိုးရ သဘောပေါက်လာအောင် ပြောကြားပေမဲ့ စစ်အစိုးရက သဘောမပေါက်နိုင်တာပါ။

ဦးကျော်ဇံသာ ။ ။ တရုတ်တို့ ရုရှားတို့က စစ်အစိုးရကို ကာဆီးကာဆီး ကုလသမဂ္ဂရှေ့မှာ လုပ်ပေးနေတဲ့ ကိစ္စက။

Prof. Josef Silverstein ။ ။ ဟုတ်ပါတယ်၊ တချို့ကိစ္စတွေမှာ တရုတ်၊ ရုရှားတို့က သူတို့အကျိုးစီးပွား ငဲ့ကွက်ကြပါတယ်။ ဒါပေမဲ့ သူတို့တောင်မှ သူတို့လိုချင်တာအတွက် နိုင်ငံတကာနဲ့ ဘယ်လိုညှိနှိုင်းပြီး အပေးအယူ လုပ်ရမယ်ဆိုတာကို သိရပါ တယ်။ သူတို့က အတွေ့အကြုံရှိတယ်၊ အကင်းပါးတယ်။ ဗမာစစ်တပ်က ဘယ်လိုမှ အကင်းမပါးဘူး။ အင်အားသုံးဖို့လောက် သာ နားလည်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG