သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ရင်းပြန် ကရင်ဒုက္ခသည် ကလေးတဦး ဗုံးဒဏ်ကြောင့် သေဆုံး


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ် အတွင်းမှာရှိတဲ့ မယ်အုစု ယာယီဒုက္ခသည် စခန်းက ကရင်ဒုက္ခသည် ၈၀၀ နီးပါးဟာ ဒီနေ့ နောက်ဆုံးထားပြီး နေရပ်ရင်းကို ပြန်နေကြပြီ ဖြစ်ပါတယ်။ သူတို့ ပြန်သွားတဲ့ နယ်မြေဟာ စစ်ပွဲအတွင်းက ကျန်ရှိတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတဲ့ နယ်မြေဖြစ်ပြီး မနေ့ကတင် ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ၆ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ် အတွင်းမှာ ယာယီဒုက္ခသည်စခန်း ၃ ခုရှိပြီး အဲဒီက ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံအတွင်းကို လာရောက် ခိုလှုံနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီ လကုန်ပိုင်းမှာတော့ မြန်မာပြည်ဘက်မှာ တိုက်ပွဲတွေ မရှိတော့လို့ သူတို့ကို နေရပ်ရင်း ပြန်ဖို့အတွက် ထိုင်းအာဏာပိုင်တွေဘက်က စတင် စီစဉ်လာခဲ့ပြီး ဒီကနေ့မှာတော့ မယ်အုစု ယာယီစခန်းက ဒုကသည်အကုန် နေရပ်ရင်း ပြန်ကြပြီလို့ စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“မနေ့က ပြန်ကြတာ၊ သူတို့ အခု အကုန်လုံး ပြန်ကြပြီ။ အိမ်ထောင်စု ၁၂၀၊ လူဦးရေက ၇၀၀ ကျော် မယ်အုစုကနေ ပြန်ကြတာ။”

အခြား စခန်းတာဝန်ရှိသူ တယောက်ကတော့ အမျိုးသမီးနဲ့ ကလေး အပါအဝင် ပြန်သူစုစုပေါင်း ၇၈၅ ယောက် ရှိတယ်လို့ ပြောပါတယ်။

ထာ့ဆောင်ယန်မြို့နယ်က အခြား ယာယီစခန်းတခု ဖြစ်တဲ့ နောင်ဘိုးစခန်းက ပြန်သွားသူတွေရဲ့ အခြေအနေကိုတော့ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ဘက်မှာလည်း မနေ့က စထွက်တယ်။ ဒီနေ့ သူတို့ ကုန်တယ်ပေါ့နော်။ မိသားစု ၂၁ စု၊ လူဦးရေ ၁၀၈ ယောက်ပေါ့။ ပြီးတော့ အခု ဒီဘက်မှာ တာဝန်ယူနေတဲ့ ထိုင်းစစ်သားတချို့ပေါ့နော်၊ နယ်စပ်က စစ်သားတွေလည်းပဲ တာဝန်ကျတဲ့ တခြားနေရာကို ပြန်သွားရမယ်လို့ ပြောသံကြားတာပေါ့။”

နောင်ဘိုးစခန်းက ထွက်ခွာသွားသူတွေ တချို့ကတော့ နေရပ်ရင်း မြန်မာပြည်ဘက်ကို မပြန်ဘဲ ထိုင်းနိုင်ငံအတွင်းက အခြားဒေသတွေမှာ ခိုလှုံနေတယ်လို့ ပြောပါတယ်။

ကျန်စခန်းတခုဖြစ်တဲ့ မယ့်စလစ်စခန်းက အခြေအနေကိုတော့ ဆက်သွယ်လို့ မရပါဘူး။

ယာယီစခန်း ၂ ခုက ပြန်သွားတဲ့ ဒုက္ခသည်တွေကို TBBC ခေါ် ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့ပေးနေတဲ့ အဖွဲ့က တလစာ ရိက္ခာ ထုတ်ပေးပြီး သူတို့ကို သုံးလအထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့နှစ်က ဒီယာယီစခန်း ၃ ခုကို ရောက်လာတဲ့ ဒုက္ခသည် စုစုပေါင်းဟာ ၃,၀၀၀ လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းပါတယ်။

ထိုင်းအစိုးရက ယာယီဒုက္ခသည်တွေကို ပြန်ပို့ဖို့ စတင် စီစဉ်ခဲ့တုန်းက ဒုက္ခသည်တွေ ပြန်ရမယ့် နေရာဟာ စစ်ပွဲအတွင်းက ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတာကြောင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ ၃၅ ဖွဲ့နဲ့ အမေရိကန် လွှတ်တော်အမတ် ၂၇ ယောက်က အတင်းအကျပ် ပြန်မပို့ဘို့ ထိုင်းအစိုးရကို ပန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒေသခံ ထိုင်းစစ်တပ်တွေက ဖိအားပေးတာနဲ့ နေရေးထိုင်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည် တဝက်လောက်ဟာ ဖေဖော်ဝါရီလကတည်းက ပြန်ခဲ့ကြတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

နေရပ်ရင်းပြန်သွားတဲ့ ဒုက္ခသည်တွေ လက်ရှိ ကြုံတွေ့ရမယ့် အခက်အခဲကိုတော့ ကရင်ဒုက္ခသည်ရေးရာ ကူညီရေးအဖွဲ့က စောရောဘတ်ထွေးက အခုလို ပြောပါတယ်။

“အဲဒီ ရိက္ခာနဲ့ ပတ်သက်တာတွေလည်း ရှိတယ်။ အဲဒီ Security မိုင်းဗုံးတွေလည်း ရှိတယ်။ ပြီးတော့ အဲဒီမှာ ပေါ်တာအနေနဲ့လည်း အခိုင်းခံရမယ်။ အခုလောလောဆယ်မှာ ဆိုရင် နအဖကလည်း သူတို့ကို စစ်သားစုဆောင်းရေးနဲ့ ပတ်သက်ပြီး စစ်သားခေါ်ချင်လည်း ခေါ်နိုင်တယ်။ ဒါတွေ အခက်အခဲတွေတော့ ရှိတယ်။”

မယ်အုစုစခန်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ကတော့ မနေ့က စစ်ပွဲလက်ကျန် အမ် ၇၉ ဗုံးသီးတလုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးတယောက် သေသွားတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ကရင်သတင်းစဉ်က အယ်ဒီတာ နန်းဖောဂေက အခုလို ပြောပြပါတယ်။

“မနေ့ နေ့လယ်ကဆိုရင် ဒီ မယ့်လအားစီးရွာက ကလေးလေး ၂ ယောက်ဆိုရင် သူတို့က စောပြီး ကြိုပြန်နှင့်တဲ့ အဖွဲ့တွေပေ့ါ။ ကျမ ထင်တာတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီကတည်းက ပြန်သွားတဲ့ လူတွေထဲက အဲဒီကလေးလေး ၂ ယောက်က တောင်ယာတဲဘေးနားမှာ မနှစ်က တိုက်ပွဲဖြစ်တဲ့ အတောအတွင်းမှာ ကျည်ဆံမပေါက်ဘဲနဲ့ ကျန်တဲ့ ကျည်ဆံတွေ ရှိတယ်လေ။

“အဲဒီကျည်ဆံကို သွားဆော့မိတော့ ထပေါက်တယ်။ ကောင်လေးချည်းပဲ ၂ ယောက်။ ၆ နှစ်အရွယ် တယောက်က ဆုံးသွားပြီးတော့ သူ့ထက်ကြီးတဲ့ ကောင်လေးတယောက်ကတော့ အသည်းအသန်ပေါ့နော်။ ဒဏ်ရာ အပြင်းအထန်ရတဲ့ အနေအထားရှိတော့ သူတို့ မယ့်အုစုပေါ့၊ ဥသုထရှိတဲ့ မယ့်အုစုဘက် ပို့လိုက်တယ်လို့ ကြားတယ်။ အဲဒါ မနေ့က ဖြစ်တာနော်။ အဲလို အတိုင်းအတာ ဆိုရင်တော့ မနေ့က အကုန်ပြန်သွားတဲ့ လူတွေရဲ့ အခြေအနေက နောက်ပိုင်းဆိုရင် မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ အသက်အန္တရာယ်ထိ ဖြစ်လာနိုင်တယ်။ ကလေးတွေက ဘာမှ နားလည်တာ မဟုတ်ဘူး။”

ဒီရက်ပိုင်းအတွင်း ပြန်သွားကြတဲ့ ဒုက္ခသည် အများစုဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ဖြစ်ပြီး သူတို့တွေဟာ မိမိသဘော ဆန္ဒအရ ပြန်သွားကြတယ် ဆိုပေမဲ့ ဒုက္ခသည်အရေး စောင့်ကြည့် လေ့လာသူတွေကတော့ အဲဒီအပေါ်မှာ သံသယ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG