သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေး အချိန်ယူရနိုင်ဖွယ်ရှိဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဆို


မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အချိန်ယူရနိုင်တယ်လို့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ပြောဆိုပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆုံးရက်မှာ အခုလို ပြောဆိုသွားတာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပုံစံ တူပေမဲ့ အခြေအနေချင်းတော့ တူညီမှု မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေကို သူတို့အနေနဲ့ ဘာလုပ်သင့်သလဲ အကြံဉာဏ် အတိအကျ ပေးနိုင်မှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက မြန်မာခရီးစဉ် နောက်ဆုံးရက် ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှား သံရုံးမှာ သတင်းထောက်တွေကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေဟာ စိတ်ရှည်ဖို့လိုမယ်၊ ပြောင်းလဲမှုအတွက် အချိန်ယူရလိမ့်မယ်လို့လည်း ပြောဆိုသွားကြောင်း သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ တီကူး ဖိုင်ဇာရှား (Teuku Faiza Syah) ကတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အစုအဖွဲ့တွေ အားလုံး ပါဝင်ခွင့်ရဖို့ နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါ အနေနဲ့ ပြောဆိုဖို့အတွက် အရင်က မျှော်လင့်ထားတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တကယ်တမ်း တွေ့ဆုံစဉ်မှာ ဘာတွေ ပြောဆို သလဲ အသေးစိတ်ကိုတော့ သူ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဒီလိုမျိုး ပြောဆိုဖို့ ဆိုတာတော့ မျှော်မှန်းထားတာပါ။ ဒါပေမဲ့ ဘာတွေ ပြောဆိုသလဲ အသေးစိတ်ကိုတော့ မသိရသေး ပါဘူး။ ရန်ကုန်ကနေလည်း ဘာမှ သတင်း ဝင်မလာသေးပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေစဉ်တော့ သူဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး အပြင် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူဟာ မနက်ဖြန်တော့ အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက် မှာပါ။” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသွားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မြန်မာနိုင်ငံ မသွားခင်ကတော့ အခု ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဖယ်ထုတ်ထားတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးမြန်း ပြောဆိုမယ်လို့ ဆိုထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ မသွားခင်ကလည်း HRW လူ့အခွင့်အရေး အဖွဲ့ကြီးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ လူ့အခွင့်အရေးကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စတွေကို အလေးပေးပြီး ပြောဆို ဆွေးနွေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ဖရက်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းကတော့ အင်ဒိုနီးရှားနဲ့ မြန်မာ ပြောင်းလဲမှု ပုံစံ တူတာကြောင့် အင်ဒိုနီးရှား သင်ခန်းစာကို မြန်မာစစ်ဗိုလ်ချုပ်တွေ ယူသင့်တယ်လို့ ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး အကူးအပြောင်းကို ကြည့်မယ်ဆိုရင် ၁၉၉၈ နောက်ပိုင်းမှာ စစ်တပ်အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ နာမည်ဆိုး၊ နာမည်ပျက် အရမ်းမရောက်သွားတဲ့ အပြင် အခု နောက်ဆုံးဆိုရင် စစ်တပ်က ဗိုလ်ချုပ်ကြီးတယောက် ကိုယ်တိုင် သမ္မတအဖြစ် ပြည်သူက လိုလိုလားလား ပြန်အရွေးခံလာရတဲ့ အနေအထားမျိုး ဖြစ်သွားတဲ့အတွက် ဒါက မြန်မာစစ်တပ်အတွက် သင်ခန်းစာယူမယ်ဆိုရင် တကယ်ကောင်းတဲ့ သင်ခန်းစာပါ။

“အရင်တုန်းကဆိုရင် အင်ဒိုနီးရှားနိုင်ငံက မြန်မာအစိုးရ လုပ်သလိုပဲ ပါလီမန်ထဲမှာ သူတို့တုန်းကတော့ ၂၀% ရှိခဲ့တာပေါ့ လေ၊ အခုဆိုရင် ၂၀% တွေ ဘာတွေ မရှိတော့ပါဘူး။ ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်တာနဲ့ ဂုဏ်ရှိရှိ ဗိုလ်ချုပ်ကြီး တယောက်က သမ္မတ တက်လုပ်နိုင်တဲ့ အနေအထား၊ အခုလည်း လူတွေက သူ့ကို အရင် သမ္မတဟောင်း တွေထက် စာလို့ရှိရင် ပိုကြိုက်တဲ့ အနေအထားမျိုး တွေ့ရတဲ့အတွက် စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ပြန်ကောင်းသွားတယ်လို့ ပြောရမှာပေါ့။”

ဒါကြောင့်လည်း အင်ဒိုနီးရှား အနေနဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာစစ်အစိုးရကို ဒီမိုကရေစီ ပြောင်းလဲရေး ကိစ္စ တွန်းတွန်းတိုက်တိုက် ပြောနိုင်ဖို့အတွက် လေ့လာသူအချို့က မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တီကူး ဖိုင်ဇာရှားကတော့ အခု ဒီခရီးစဉ်ဟာ တကယ်တော့ နိုင်ငံခြားရေး ဝန်ကြီးသစ် အနေနဲ့ မိတ်ဆက်တဲ့ခရီး အဓိကဖြစ်တယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒေသတွင်း အကြောင်းရပ်တွေကိုတော့ ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကိစ္စကတော့ အခုလာမယ့် ဧပြီ ၇ ရက်၊ ၈ ရက်၊ ဗီယက်နမ်မှာလုပ်မယ့် အာဆီယံ ထိပ်သီး အစည်းအဝေး မှာတော့ ဆွေးနွေးဖြစ်လိမ့်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟာ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ နေပြည်တော်က ရန်ကုန် ပြန်ရောက်ခဲ့ပြီး ရန်ကုန်မှာ ရှိတဲ့ အင်ဒိုနီးရှား သံအမတ်ကြီးရဲ့ နေအိမ်မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြား သတင်းထောက်တွေ၊ အခြား ဂျာနယ် သတင်းထောက်တွေကို လက်ခံ တွေ့ဆုံပါတယ်။ ဒီနေ့ ညပိုင်းမှာ သူဟာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

သူ နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာ့နိုင်ငံရေး အခြေအနေ အချို့ကိုတော့ မြန်မာအစိုးရဘက်က ရှင်းလင်းပြပုံ ရပါတယ်။ သတင်းထောက်တွေကို ဒီညနေ ပြောဆိုပုံအရ ဆိုရင်တော့ မသွားခင်တုန်းက တွန်းတွန်းတိုက်တိုက် သူပြောမယ်ဆိုတဲ့ လေသံမျိုးတော့ မဟုတ်တော့ဘဲနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ရှည်ရမယ်ဆိုတဲ့ အမြင် ပျော့ပြောင်းလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG