သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်တပ် ဖွဲ့မည်မဟုတ်


မြန်မာစစ်စိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ စစ်အစိုးရ အရှေ့တောင်ပိုင်းတိုင်း တိုင်းမှူးတို့ မကြာသေးခင်က တွေ့ဆုံခဲ့ကြပြီးတော့ မွန်ပြည်သစ်ပါတီကို လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် မှတ်ပုံတင်ဖို့ စစ်အစိုးရဘက်က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီဘက်ကတော့ ဒီရွေးကောက်ပွဲကို ဝင်မှာမဟုတ်သလို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကိုလည်း လက်မခံဘူးလို့ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက်ကို ကိုနိုင်ကွန်းအိန် က တင်ပြထားပါတယ်။

မွန်လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ မတ်လကုန်လောက်မှာ ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး နယ်ခြားစောင့်တပ်အဖွဲ့အသွင် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကနေ လက်မခံဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီလို ဆုံးဖြတ်တဲ့အကြောင်းကိုတော့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဗဟိုကော်မတီ စည်းဝေးပွဲမှာ BGF (နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး) ကိစ္စကို အရင်ကအတိုင်း လက်မခံဘဲ ထပ်မံအတည်ပြုခဲ့ပါတယ်။"

မြန်မာစစ်အစိုးရအနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီကိစ္စအတွက် မကြာသေးခင်ကပဲ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌ နိုင်ရော့စ ဦးစီးတဲ့ ဗဟိုအလုပ်အမှုဆောင်တွေဟာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပေမဲ့ ဖိအားပေးတဲ့အဆင့်အထိတော့ မရှိခဲ့ဘူးလို့ ပြောခွင့်ရသူ နိုင်ချေးမွန်က အခုလို ပြောပြပါတယ်။

"မတ်လ ၁၆ ရက်နေ့ တွေ့ဆုံမှုမှာ အရှေ့တောင်တိုင်း တိုင်းမှူးပြောတာကတော့ ကျနော်တို့ မတွေ့ဖြစ်တာကြာပြီဆိုတော့ တွေ့လိုခြင်းပဲဖြစ်တယ်။ အခုလို ရွေးကောက်ပွဲဥပဒေလည်း ထွက်လာပြီဆိုတော့ ဒီအပေါ်မှာ ဖတ်ရှုလေ့လာပြီး ရွေးကောက်ပွဲဝင်လိုလျင် နှစ်လကာလမှာ မှတ်ပုံတင်နိုင်ပါတယ်။ ဒီကိစ္စကတော့ မွန်ပြည်သစ်ကသာ ဆုံးဖြတ်ပါ။ BGF ကို လက်မခံတဲ့ မွန်ပြည်သစ်ပါတီကို စစ်အစိုးရက ထူးထူးခြားခြား ဖိအားပေးတာမျိုး မရှိပါဘူး။"

မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရတိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းဖို့ကို ငြင်းဆန်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာစစ်အစိုးရ လိုလားနေသလို နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲရေးလုပ်ဖို့ လွယ်လွယ်ကူကူ လိုလိုလားလား မရှိကြတဲ့အတွက် တင်းမာမှုတွေ ရှိနေသလို လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားမှာကိုလည်း စိုးရိမ်မကင်း ဖြစ်သံတွေလည်း ထွက်ပေါ်နေပါတယ်။ စစ်အစိုးရနဲ့ မွန်ပြည်သစ် ပါတီတို့အကြား ဆက်ဆံရေး အခြေအနေတွေဟာ လတ်တလော ဆိုးဆိုးရွားရွား မရှိလှဘူးလို့ နိုင်ချေးမွန်က ဆိုပါတယ်။

"စစ်အစိုးရ အနေနဲ့ကတော့ စစ်ရေးအရ အရေးယူမယ့် လက္ခဏာ မတွေ့ရပါဘူး။ လောလောဆယ်မှာ စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ရေးပဋိပက္ခ ဖြစ်နိုင်တဲ့အခြေအနေ မရှိတဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ စိုးရိမ်စရာအနေအထား မရှိပါဘူး။"

လက်ရှိအနေအထားအရ မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ပါတီညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ဆက်လက်အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်သလို ပါတီရဲ့ ရှေ့ဆက်ရပ်တည်ချက်တွေကိုလည်း နိုင်ချေးမွန်က အခုလို ပြောဆိုသွားပါတယ်။

"မွန်ပြည်သစ်ပါတီဟာ လက်နက်ကိုင် နိုင်ငံရေးပါတီတခုဖြစ်တဲ့အတွက် အထွေထွေ ရွေးကောက်ပွဲဥပဒေကို လေ့လာတဲ့သူတွေရှိပါတယ်။ ရွေးကောက်ပွဲကိုတော့ ဝင်မှာမဟုတ်ပါဘူး။ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကတော့ နဂိုကအတိုင်းပါပဲ။ BGF ကို လက်မခံတာရယ်၊ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူးဆိုတာရယ်၊ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ပြီး ထိန်းသိမ်းသွားရင်းနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို ဖြစ်လာနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။"

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရယူထားတဲ့ မွန်လက်နက်ကိုင်အဖွဲ့တခု ဖြစ်ပါတယ်။ အင်အားအနေအထားအရ ဗဟိုဌာနချုပ်ကနေ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပို့တဲ့စာရင်းအရဆိုရင် အင်အား ၃,၅၀၀ ကျော်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG