သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ပြင်သစ် ထပ်မံတိုက်တွန်း


မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးအတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းအစိုးရက ပြောလိုက်သလို၊ မကြာခင်ကမှ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီးကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ထားတဲ့ နော်ရှိုးက အပြည့်အစုံကို တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေး အတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်ပိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chavanond Intarakomalyasut က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောခဲ့ပါတယ်။

"မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်နိုင်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ အဲသလိုဖြစ်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် စစ်အစိုးရဘက်က ဘာအကူအညီပဲတောင်းလာလာ ကျနော်တို့က ကူညီဖို့အသင့်ပါ။ ပြည်တွင်းရေးကိုတော့ သွားရောက် မစွက်ဖက်ပါဘူး။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးဆုံး နိုင်ငံတွေထဲကတခုပါ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းတာကို မြင်ချင်ပါတယ်။ အဲဒါမှလည်း ကျနော်တို့အတွက် ပြဿနာတွေကို ပိုနည်းသွားမှာဖြစ်ပါတယ်။"

တခါ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ခွင့် ရနိုင်မှသာလျင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က အေပီသတင်းဌာနဲ့ အမေးအဖြေလုပ်ရာမှာ ပြောခဲ့တာပါ။ မြန်မာ့နိုင်ငံံရေးဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်မရတာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရတယ်လို ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit က ပြောခဲ့တာကိုလည်း အေပီသတင်းမှာ ကိုးကားထားပါတယ်။

ထိုင်းအစိုးရဘက်က အခုလို ထုတ်ဖော်ပြောကြားမှုတွေရှိတာကြောင့် ဒီနေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် မဲခေါင်းမြစ်ဝှမ်း ၆ နိုင်ငံအစည်းအဝေးနဲ့ နောက်အပတ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေ အတွင်းမှာလည်း ထိုင်းခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေပြည်တော်မှာ မြန်မာစစ်အစိုးရရဲ့ ဒုငံခြားရေးဝန်ကြီး ဦးမောင်မြင့်အပြင် တခြားစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီး Francois Zimeray ကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်တွေကို ပြောခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပြခဲ့ပါတယ်။

"နိုင်ငံရေးအတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner စကားပါးလိုက်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။"

အခုလိုပြောကြားချက်တွေကို စစ်ခေါင်းဆောင်တွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ ဆိုတဲ့မေးခွန်းကိုတော့ သံအမတ်ကြီး Zimeray က ခုလိုပြောပါတယ်။

"သူတို့က တုံ့ပြန်တာက တဆင့်ပြီးတဆင့်သွားရမယ်။ ရောမမြို့ကို တရက်တည်းနဲ့ မဆောက်ဘူးတဲ့။ ဒါပေမဲ့ နေပြည်တော်ကိုကျတော့ ၂ နှစ်အတွင်း ဆောက်တယ်လို့ ကျနော်ကတော့ ပြန်ပြောလိုက်ပါတယ်။"

မြန်မာနိုင်ငံမှာရှိနေတုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေတချို့အပြင် တခြား လူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တချို့ကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းပေမဲ့ မရခဲ့ဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေတဆင့် အခု ထိုင်းနိုင်ငံကိုရောက်နေပြီး မနေ့က အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ Surin Pitsuwan နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေးအမြင်ချင်း ဖလှယ်ခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ နေ့ကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်ခွင့်မပေးထားတဲ့အတွက် စိတ်ပျက်ရကြောင်းနဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ နိုင်ငံတကာက အယုံအကြည်ရှိနိုင်မှာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG