သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှပ်နီတွေ ဘန်ကောက်မြို့က ထွက်ခွာဖို့ ထိုင်းအစိုးရ ရာဇသံပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ စီးပွားရေး အချက်အချာ နေရာကို သိမ်းပိုက်ပြီး ၂ ရက်ကြာ ဆန္ဒပြနေကြသူတွေရဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်ရင်သတ်၊ မဟုတ်ရင်တော့ အရေးယူခံရမယ်လို့ ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။

အစိုးရ ဆန့်ကျင်ရေး အင်္ကျီအနီရောင်ဝတ် ဆန္ဒပြသမားတွေဟာ အခြေခံဥပဒေကို ချိုးဖောက်နေတယ် ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က နိုင်ငံကို ဒီကနေ့ ရုပ်မြင်သံကြားက တဆင့် မိန့်ခွန်းပြောရာမှာ သတိပေးလိုက်တာပါ။

ဘန်ကောက်မြို့က အဓိက ကုန်တိုက်ကြီး ၆ ခု ထက် မနည်း ပိတ်ထားရတဲ့အထိ မြို့တော်ရဲ့ အချက်အချာ နေရာတွေမှာ ဆန္ဒပြသူ ၂၀,၀၀၀ ကျော်က စခန်းချ ဆန္ဒပြနေကြတာပါ။

ရွေးကောက်ပွဲ အသစ်တွေ ချက်ချင်းကျင်းပပေးဖို့ အစိုးရကို တောင်းဆိုလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် အင်္ကျီအနီဝတ် ဆန္ဒပြသမား ၅၅,၀၀၀ လောက်က မနေ့ကစလို့ စီးပွားရေး အချက်အချာ နေရာကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ လူစုမခွဲဘူး ဆိုရင်တော့ ပြည်တွင်း လုံခြုံရေး အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ဒေါ်လာ ၆၂၀ ဒဏ်ငွေ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အစိုးရက သတိပေးခဲ့တာပါ။

အစိုးရကို ဆန့်ကျင်နေတဲ့ ဆန္ဒပြပွဲတွေကိုတော့ စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawartra) ကို ထောက်ခံသူ အများစု ပါဝင်တဲ့ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေးတပ်ဦး (UDD) အဖွဲ့က ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့က အစိုးရအနေနဲ့ ၁၅ ရက်အတွင်း ရာထူးက ဆင်းပေးပြီး ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးဖို့ တောင်းဆိုနေတာပါ။

ပြီးခဲ့တဲ့ တပတ်ထဲ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အစိုးရက ၉ လအတွင်း ရွေးကောက်ပွဲ အသစ်တွေ ကျင်းပသွားမယ်လို့ ကမ်းလှမ်းခဲ့တာကိုတော့ UDD အဖွဲ့က ပယ်ချထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG