နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်မယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် အသေအချာလုပ်ဖို့ ဗီယက်နမ် ဝန်ကြီးချုပ်က မြန်မာကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားခဲ့တဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဇွန်း (Nguyan Tan Dung) က မြန်မာစစ်အစိုးရကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆုံးရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ၂ နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်တာမှာ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ် မျှတစေရေး ပိုမိုအားထုတ် လုပ်ဆောင်သွားဖို့ မစ္စတာ ငုယင်က အားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေး စစ်အစိုးရ လုပ်နေတဲ့ အစီအစဉ်တွေကို အားပေးပြီး မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကိုလည်း သူနားလည်ပါတယ်လို့ ကြေညာချက်ထဲမှာ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောထားပါတယ်။
ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံကို အကောင်အထည် ဖော်တဲ့နေရာမှာ လတ်တလော တိုးတက်မှုတွေကိုလည်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဗီယက်နမ် ဝန်ကြီးချုပ်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်အစိုးရက အခုလို ပြောနေပေမဲ့ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာ လက်မခံနိုင်စရာ အချက်တွေ ပါနေတဲ့အတွက် အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။