သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Asia Society ရဲ့  မြန်မာ့အရေး မူဝါဒဆိုင်ရာ ဆွေးနွေးသုံးသပ်ချက်များ


ဧပြီ ၀၄၊ ၂၀၁၀ - ဒီတပတ် ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း က ၀ါရှင်တန်ဒီစီမြို့ တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Society အဖွဲ့ကြီးရဲ့  မြန်မာနိုင်ငံလက်ရှိ ဖြစ်ရပ်မှန်များ နဲ့ အနာဂတ်ဖြစ်လာနိုင်ခြေများ၊ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒ ရွေးချယ်စရာများ ဆွေးနွေးပွဲအကြောင်း နဲ့ ဦးဆောင်ဆွေးနွေးတင်ပြခဲ့သူများရဲ့  တင်ပြပြောဆိုချက်များကို ကောက်နုတ် သုံးသပ် တင်ပြပေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရရဲ့  ပါတီမှတ်ပုံတင်ဥပဒေကို ဆန့်ကျင်ပြီး ပါတီမှတ်ပုံတင်ရေး ထပ်လုပ်စရာမလိုဘူးလို့ ငြင်းပယ်လိုက်တာမို့ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမရှိ မရေရာတော့ပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒမှာ အန်အယ်လ်ဒီ ကို အဓိကမဏ္ဍိုင် အဖွဲ့အစည်းအဖြစ် ဆက်လက်ဆက်ဆံသွားဖို့ လိုအပ်ကြောင်း အမေရိကန်အခြေစိုက် အာရှလူမှုအဖွဲ့အစည်း (Asia Society) က မူဝါဒရေးရာအရ အကြံပြုပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ် ထုတ်ပြန်ခဲ့အပြီး ပထမဦးဆုံးအကြိမ်အဖြစ် အကြံပြုအစီရင်ခံစာတရပ်ကို Asia Society က မတ်လ (၃၀) ရက်နေ့မှာ ၀ါရှင်တန်ဒီစီ မှာ ထုတ်ပြန်ခဲ့ပါတယ်။ အာရှလူမှုအဖွဲ့အစည်းရဲ့  မူဝါဒရေးရာဌာနမှုး Suzanne DiMaggio က အောက်ပါအတိုင်း ပြောဆိုပါတယ်။

Suzanne DiMaggio ။ ။ အခုလောလောဆယ် အချိန်အထိကတော့ မြန်မာစစ်အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ လက်တွေ့ကျ ဆက်ဆံရေး အဆိုပြုချက်တွေဖြစ်တဲ့ ပြည်တွင်းမှာ သုံးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စ စတင်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ စတာတွေကို လိုက်လျော လုပ်ဆောင်ပေးခဲ့ တယ် ဆိုတဲ့ အရိပ်အယောင်တောင်မှ မရှိတာကို ကျမတို့ အသေအချာ သတိပြုမိပါတယ်။ တကယ်တမ်းမှာ ဖြစ်နိုင်တာက မြန်မာစစ်အစိုးရဟာ သူတို့ရဲ့  အဆင့် (၇) ဆင့်ပါ နိုင်ငံရေးလမ်းညွှန်လုပ်ငန်းစဉ်ကြီးကို အမေရိကန်အစိုးရက ထောက်ခံနေ ပါပြီဆိုတဲ့ သဘောမျိုးပြသချင်တယ်၊ အသုံးချချင်တဲ့ သဘောနဲ့ဘဲ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို ပြန်ပြီး ကျင့်သုံးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီဆက်ဆံရေးလုပ်ငန်းစဉ်မှာ အန္တရာယ် မိုင်းကွင်းတွေကို သတိထားပြီး လုပ်ဆောင်သွားဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစစ်အစိုးရကို တရားမျှတပြီး အများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းရမယ့် တချိန်တည်းမှာပဲ တရားမျှတမှုမရှိဘဲ ဖြစ်လာမယ့် ရွေးကောက်ပွဲ ကြီးကို အားပေးနေတဲ့ သဘောမျိုး ဖြစ်မသွားအောင် ရှောင်ရှားနိုင်ဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီသုံးသပ်ချက် အခြေခံအရေ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိက ရည်မှန်းချက် (၅) ခု ထားရှိပြီး လက်တွေ့ကျဆက်ဆံရေး မူဝါဒကို လိုအပ်သလို ပြုပြင်ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ Ms.Suzanne DiMaggio ပြောဆိုပါတယ်။

Suzanne DiMaggio ။ ။ ပထမအဆင့်ကတော့ နှစ်ဖက်ရဲ့  ကြားမှာ ထိရောက်တဲ့ အပြန်အလှန် ဆက်သွယ်ဆွေးနွေးမှုတွေ ရှိလာဖို့ပါ။ ဒုတိယအနေနဲ့က အသေအချာ စီစစ်ပြီး ကဏ္ဍအလိုက် ထောက်ပံ့ကူညီမှုတွေ လုပ်သွားဖို့။ တတိယအချက်က စီးပွားရေးပြုပြင်မှုတွေကို ကူညီတွန်းအားပေးဖို့။ စတုတ္ထအချက်က မြန်မာအိမ်နီးချင်းနိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေနဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့။ နောက်ဆုံးအချက်ကတော့ တကယ်လို့ လိုအပ်လာပြီးဆိုရင် တိကျသေချာတဲ့ ပစ်မှတ်ထားပြီး လုပ်ကိုင်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုတွေကို တိုးမြှင့်ရေး စတာတွေပဲ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ Asia Society ရဲ့  မြန်မာနိုင်ငံ သုံးသပ်ရေးမူဝါဒအဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ခဲ့သူများ ကတော့ အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီးဟောင်း Wesley Clark နဲ့ USAID ခေါ် အမေရိကန်နိုင်ငံ နိုင်ငံရပ်ခြား ဖွံ့ဖြိုးမှု ထောက်ပံ့ရေးအဖွဲ့ရဲ့  အကြီးအကဲဟောင်း Henerita Fore တို့ ဖြစ်ပါတယ်။ အမေရိကန်မူဝါဒမှာ အဆင့် (၃) ဆင့်ခွဲ လုပ်ဆောင်သွားဖို့ Asia Society အဖွဲ့က တင်ပြထားရာမှာ ပထမအဆင့်က လက်ရှိအခြေအနေအတိုင်း ကူညီ ဆောင်ရွက် သွားမယ့် အချက်တွေပါဝင်ပြီ၊ ဒုတိယအချက်မှာတော့ မြန်မာစစ်အစိုးရကဘက်က အပြောင်းအလဲတွေ တကယ် လုပ်ဆောင်လာပါတယ်ဆိုတဲ့ သာဓကတွေ မြင်လာရရင် လုပ်ဆောင်ရမယ့် အချက်တွေ ပါဝင်ပါတယ်။ တတိယအဆင့် ကတော့ မြန်မာနိုင်ငံအတွင်း တိုးတက်မှုတွေ တကယ်ရှိလာရင် ဒီတိုးတက်မှုတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အတွက် အမေရိကန်က ကူညီဆောင်ရွက်သွားနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ အမေရိကန်လက်တွေ့ကျ ဆက်ဆံရေးမူဝါဒ ပထမ အဆင့် လုပ်သင့်တဲ့အချက်တွေကို ဗိုလ်ချုပ်ကြီး Wesley Clark က အောက်ပါအတိုင်း ရှင်းလင်းပြောကြားပါတယ်။

Wesley Clark ။ ။ ပထမအဆင့်အနေနဲ့ မြန်မာစစ်အစိုးရနဲ့တင်မက ပြည်တွင်းမှာရှိတဲ့ အဖွဲ့အားလုံး၊ လူအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရဖို့ အမေရိကန်အစိုးရက ရပ်တည်နေရာယူသွားဖို့ပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ အိမ်နီးချင်း အာဆီယံ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတွေနဲ့လည်း ညှိနှိုင်း သွားဖို့ လိုအပ်ကြောင်း၊ မြန်မာစစ်အစိုးရက ပြည်တွင်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မပေးသမျှ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်း မပေးသင့် ကြောင်း Asia Society အဖွဲ့က အဆိုပြုပါတယ်။

Wesley Clark ။ ။ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒရေးရာ ထောက်ပံ့မှုတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက အခြေပြုရမယ်လို့ Asia Society အဖွဲ့က ယုံကြည်ပြီး အမေရိကန်အစိုးရကိုလည်း ဒီအတိုင်း တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်အတွင်းမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တဦး ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားပေမဲ့ လောလောဆယ်အားဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမပြုဖို့ အန်အယ်လ်ဒီ က ဆုံးဖြတ်လိုက်တာက မူဝါဒရေးရာမှာ နည်းနည်းရှုပ်ထွေးစေပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်အတွင်းက ဒီမိုကရေစီအင်အားစုတွေရဲ့  လိုအပ်ချက်တွေကို သိနိုင်ဖို့ နှစ်ဆတိုးပြီး ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင် တိုင်းရင်းသားအရေးကလည်း အရေးကြီးတဲ့ ပြဿနာတရပ်အဖြစ် ရှုမြင်ရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Wesley Clark က ပြောဆိုပါတယ်။

Wesley Clark ။ ။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပစ်ရပ်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာသွားဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုသွားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ အိမ်နီးချင်း ထိုင်း၊ တရုတ် နိုင်ငံများနဲ့ ညှိနှိုင်းသွားဖို့ လိုပါတယ်။ အခုလက်ရှိ အကြိုရွေးကောက်ပွဲကာလအတွင်း မြန်မာစစ်အစိုးရက ဗျူဟာ ချပြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေအရ ပြဿနာတွေဟာ တရုတ်နိုင်ငံ နယ်စပ်အထိတော့ ကူးဆက်လာနိုင်တာမို့ အိမ်နီးချင်းတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်တွေအကြား ပြေလည်အောင် ညှိနှိုင်းသွားဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအရေးဟာ အိမ်နီးချင်းနယ်စပ်တွေအထိ ကူးဆက်သွားပြီး ဒေသတွင်း ပြဿနာအဖြစ် မတည်မငြိမ် ဖြစ်လာမှာကို စိုးရိမ်ရတဲ့အပြင် တခြား အရေးကြီးတဲ့ နိုင်ငံတကာ ပြဿနာတရပ်ကတော့ မြန်မာစစ်အစိုးရရဲ့  နျူကလီယား ရည်မှန်းချက်နဲ့ တည်ဆောက်မှုတွေအပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ နီးစပ်တဲ့ဆက်ဆံမှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နျူကလီယား နည်းပညာတွေကို ငြိမ်းချမ်းတဲ့ လုပ်ငန်းနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ် ထားတာဖြစ်ကြောင်း မြန်မာစစ်အစိုးရကတော့ ပြောဆိုထားပါတယ်။ ဒီကိစ္စကို ဗိုလ်ချုပ်ကြီး ကတော့ အခုလို Wesley Clark တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Wesley Clark ။ ။ မြန်မာစစ်အစိုးရအနေနဲ့ နျူကလီယားလက်နက် နည်းပညာတွေ ရယူဖို့ မကြိုးစားပါဘူးဆိုတဲ့ အခိုင်အမာ ကတိပေးလာစေရေးကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၁၈၇၄ အရလည်း မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ရယူခွင့်ကို အတိအကျ တားမြစ် ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်အစိုးရရဲ့  လက်တွေ့ကျဆက်ဆံရေး မူဝါဒကို ပိုပြီး အရှိန်မြှင့်ဆောင်ရွက်မယ်ဆိုရင် အဓိက လိုအပ်ချက်တရပ်ကတော့ မူဝါဒရေးရာ တာဝန်ခံကြီးတဦးကို အမေရိကန်အစိုးရက အမြန်ဆုံးခန့်အပ်ပေးဖို့ ဖြစ်ပါတယ်။

Wesley Clark ။ ။ အမေရိကန်အစိုးရအနေနဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ် Tom Lantos ရဲ့  Block Burmese Jade Act မြန်မာစစ်အစိုးရရဲ့  ဒီမိုကရေစီနည်းလမ်းမကျမှုတွေအပေါ် ပိတ်စို့ဒဏ်ခတ်ရေးတွေမှ ပါဝင်တဲ့အတိုင်း မြန်မာ နိုင်ငံရေးရာ မူဝါဒတွေကို ကြီးကြပ်ညှိနှိုင်းပေးမယ့် အထူးတာဝန်ခံတယောက်ကို အမြန်ဆုံးခန့်အပ်သွားဖို့ လိုနေပြီ ဆိုတာ ကို သတိပေးလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပွင့်လင်းမြင်သာတဲ့ အရပ်ဘက်အုပ်ချုပ်ရေးစံနှုန်းတွေ မြှင့်တင်ရေးအတွက် ပညာသင်ထောက်ပံ့မှု၊ အရပ်ဘက်လူ့ဘောင်အဖွဲ့အစည်းတွေ ပေါ်ထွန်းကြီးထွားလာစေဖို့ စတာ တွေကို ထောက်ပံ့ပေးသွားရမှာ ဖြစ်ပေမဲ့ အဓိက သတိထားရမယ့်အချက်တွေလည်း ရှိနေကြောင်း ဗိုလ်ချုပ်ကြီး Wesley Clark က သတိပေးပြောကြားခဲ့ပါတယ်။

Wesley Clark ။ ။ မြန်မာစစ်အစိုးရနဲ့ လက်တွေ့ကျ မူဝါဒကို ကျင့်သုံးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူလူထု အများစုရဲ့  လိုအပ်ချက်တွေကို တိုက်ရိုက်ကူညီဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းတွေကို ပိုပြီးရှာကြံ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲအပြီး စစ်တပ် (သို့မဟုတ်) စစ်တပ်လွှမ်းမိုးတဲ့ အရပ်သား အစိုးရက အာဏာရှင်စနစ်ကို ဆက်ပြီးကျင့်သုံးနေမယ်ဆိုရင် ဒီလို ပြည်သူတွေနဲ့ တိုက်ရိုက်ကူညီနိုင်ရေးဟာ ပိုပြီး အရေးကြီးပါတယ်။ ဒီတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ဆက်စပ်မှု မရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ပိုပြီးဆက်သွယ် ကူညီသွားရပါလိမ့်မယ်။ ဒီနေရာမှာ စီးပွားရေး အရင်းအမြစ်နဲ့ အကူအညီတွေ မလိုလားအပ်တဲ့လူတွေ လက်ထဲ ရောက်မသွားစေရေးကို အဓိကထားပြီး စောင့်ကြည့်လုပ်ဆောင်သွားဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ချုပ်ကြီး Wesley Clark က အမေရိကန် လက်တွေ့ကျ ဆက်ဆံရေးမူဝါဒမှာ လတ်တလော ကနဦး လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို တင်ပြခဲ့အပြီး Asia Society မြန်မာ့မူဝါဒ သုံးသပ်ရေး တာဝန်ခံအဖွဲ့ရဲ့  ပူးတွဲ ဥက္ကဌ Henerita Fore က ဒုတိယ နဲ့ တတိယ အကြံပြုချက်များကို အောက်ပါအတိုင်း တင်ပြပြောဆိုခဲ့ပါတယ်။

Henerita Fore ။ ။ အခုတင်ပြမယ့် အချက်တွေကတော့ အကယ်၍ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကို လျှော့ချပေးလာမယ်၊ စီးပွားရေးပြုပြင်မှုတွေ လုပ်လာမယ်၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်မှုတွေ လုပ်လာမယ် ဆိုရင် အမေရိကန်အစိုးရက ဒုတိယအဆင့်နဲ့ ဆောင်ရွက်သွားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ အစောက ပြောခဲ့တဲ့ အချက်တွေမှာ တိုးတက်မှုမရှိဘူးဆိုရင် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ ရှေ့ ကိုတိုး ဖြစ်ထွန်းလာစရာ မရှိလာနိုင် ပါဘူး။ ဒီအစား မြန်မာစစ်အစိုးရအပေါ် ဖိအားပေးမှုနဲ့ စီးပွားရေးအရ အရေးယူမှုတွေ ပိုလာစရာရှိပါတယ်။ ဒီလိုသာ လုပ်ရ မယ်ဆိုရင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဌာန၊ ဘဏ္ဍာရေးဌာနတွေအနေနဲ့ တခြားနိုင်ငံခြား တိုင်းပြည်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘဏ္ဍာရေး၊ စီးပွားရေး အရေးယူမှုတွေ လုပ်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေ၊ အီယူ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး မြန်မာစစ်အစိုးရ နဲ့ စစ်အစိုးရနဲ့ နီးစပ်သူများကို ထိထိရောက်ရောက် အရေးယူနိုင်ရေးကို ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ ပထမအဆင့်မှာ တိုးတက်မှုတွေမြင်ရရင် မြန်မာပြည်အတွင်းက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေးနဲ့ ဖွံ့ဖြိုးမှုအဖွဲ့အစည်းတွေအပြင် အစိုးရအတွင်း အဖွဲ့အစည်းတွေကိုပါ ကူညီပံ့ပိုးမှုတွေ ပေးလာပြီး ကမ္ဘာ့ဘဏ် (World Bank)၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF -- International Monetary Fund) တို့ရဲ့  အကူအညီတွေ ပိုရရှိလာအောင်၊ ဒေသအတွင်း နိုင်ငံတွေရဲ့  အကူအညီတွေ ပိုရလာအောင် အမေရိကန်က တိုက်တွန်း ဦးဆောင်ပေးဖို့။ အဲဒီနောက် တတိယအဆင့် မူဝါဒအကြံပြုချက်က အောက်ပါအတိုင်းဖြစ်ပါတယ်။

Henerita Fore ။ ။ ဒီလိုဆက်ဆံမှုတွေနဲ့ လုပ်သွားပြီးနောက်ပိုင်း လာမယ့် ၂၀၁၅ ခုနှစ်လောက်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲတွေ ပြန်လုပ်လာတဲ့အခါမှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တိုးတက်မှုတွေ ဘယ်လောက် ရှိလာပြီ ဆိုတာကို ပိုပြီးတိတိကျကျ စမ်းစစ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အစိုးရအဖွဲ့သစ် အနေနဲ့ ပြည်သူလူထု အကျိုးအတွက် တကယ်တမ်း ရိုးရိုးသားသား ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိရဲ့ လားဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ် ဖြစ်ပါတယ်။ အားလုံးအနေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အန္တရာယ်ကင်းကင်း တက်တက်ကြွကြွ ပါဝင်နိုင် ရမယ့် အနေအထားဖြစ်သလို နိုင်ငံရေးလောကနဲ့ စစ်တပ်ထဲမှာပါ လူထုရဲ့  အကျိုးကိုသိပြီး လူထုကို တာဝန်ခံနိုင်တဲ့ မျိုးဆက်သစ်တွေ ပေါ်လာနိုင်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီအချိန်အထိ သေချာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိတွေ့ ဆက်ဆံရေးနဲ့ အရေးယူဒဏ်ခတ်ရေး လုပ်ငန်းစဉ် (၂) ရပ်ကို နှစ်ဖက်မျှပြီး ချိန်ခွင်လျှာညှိ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအရေးဟာ သိမ်မွေ့နက်နဲလွန်းတာ ဖြစ်တာမို့ အချိန်တိုတိုနဲ့ အလွယ်ကလေး ပြေလည်သွား နိုင်တဲ့ အရေးမဟုတ်ဘူးဆိုတာကို Asia Society အဖွဲ့က ထောက်ပြပါတယ်။ ဒါကြောင့် လက်ရှိမြန်မာစစ်အစိုးရနဲ့ ဆက်ဆံ ရာမှာ အာဏာရှင်စနစ်ကို ထောက်ခံရာ ကျမသွားစေရေး၊ အာဂတိလိုက်စားမှုတွေကို ကြီးထွားလာစေဖို့ အားပေးသလို ဖြစ်မသွားစေရေးတွေကို သတိပြုရမယ့်အပြင် မိမိတို့ဘက်က လိုအပ်ချက်တွေကို အစကတည်းက သိပ်မြှင့်တင်ထားတာမို့ အလုပ်မဖြစ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားနိုင်ဖို့လည်း အရေးကြီးတဲ့အကြောင်း Asia Society အဖွဲ့က မူဝါဒရေးရာအရ အကြံပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG