သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူသို့ ပန်ကြားချက်၊ ဒီမိုကရေစီ ရရှိရေး NLD ဆက်လက် ကြိုးပမ်းသွားမည်


မတ်လ ၈ ရက်နေ့က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အချိန်မှာ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။

NLD ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဒီနေ့ CEC အဖွဲ့ရဲ့ အစည်းအဝေးကနေ ပြည်သူသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရ ဦးဝင်းတင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“ဒီနေ့ NLD အစည်းအဝေးလုပ်တယ်။ လူစုံတက်ပါတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ပါတယ်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ပါတယ်၊ အစုံတက်ကြပါတယ်။ အဲဒီမှာ ပြည်သူသို့ ပန်ကြားချက် ဆိုပြီးတော့ စာမျက်နှာ ၄ မျက်နှာလောက် ရှိတဲ့ စာတမ်းတစောင်ကို အတည်ပြုပါတယ်။”

ဒီပန်ကြားလွှာထဲမှာ NLD ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူသိအောင် ချပြတဲ့အပြင် NLD က ပြည်သူလူထုကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

“NLD လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ပြောပါတယ်၊ ဒီစာတမ်းထဲမှာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမျိုးတွေတို့၊ ပြည်သူ့လွှတ်တော်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိစ္စမျိုးတွေတို့ ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အစည်းအဝေးကနေ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဟာ တရားမျှတမှု လုံးဝမရှိလု့ိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မည် မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်သည် ဆိုတဲ့ အချက်ကို ကျနော်တို့ ဖော်ပြပါတယ်။

“ဒါပေမဲ့ အဖွဲ့ချုပ်ဟာ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ပြည်သူလူထုကို လည်းကောင်း၊ ဒီမိုကရေစီ အရေးတော်ပုံကို လည်းကောင်း ဘယ်သောအခါမှ ကျောခိုင်း စွန့်ခွာသွားမယ် မဟုတ်ပါ။ ပြည်သူလူထုနဲ့ တသားတည်း ရှိနေမယ်။ နောက် ပြည်သူလူထုရဲ့ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည်အထိ စနစ်ကျသော၊ ငြိမ်းချမ်းသော၊ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆက်လက် အားထုတ် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ဆိုပြီးတော့ ကြေညာပါတယ်။ အဲဒါပါပဲ။

“ဒီစာတမ်းကိုလည်း ကျနော်တို့ သဘောတူပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါက တိုင်းပြည်ကို ကျနော်တို့ ပြောပြရမယ့် ကိစ္စတွေပေ့ါဗျာ။ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ၊ ဒါတွေကို ပြောပြီးတော့ ရှေ့ ကျနော်တို့ ဘယ်လိုရပ်တည်ပြီး ဆောင်ရွက်သွားမယ် ဆိုတာကို ပြောတာပါပဲ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

NLD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တာဟာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့်လို့ ဖော်ပြထားပြီး ဒီတရားမျှတမှု မရှိတဲ့ ဥပဒေ ထုတ်ပြန်မှုကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့တကွ နိုင်ငံတကာကပါ ဝိုင်းဝန်း ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG