ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါ (Peshawar) မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထားပြီး တနင်္လာနေ့က သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်တာကြောင့်ရော၊ တခါ မြို့ရဲ့မြောက်ပိုင်း တိုင်းရင်းသားဒေသ တခုမှာ အသေခံ ဗုံးခွဲမှု တခုကြောင့်ပါ လူပေါင်း ၄၅ ယောက်ထက် မနည်း သေဆုံးသွားပါတယ်။
အစ္စလမ် စစ်သွေးကြွတွေဟာ အသေခံ ကားဗုံးတွေခွဲ၊ လက်ပစ်ဗုံးတွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ပြီး လုံခြုံရေး အထူအထပ် ချထားတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ဝင်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ကောင်စစ်ဝန်ရုံးမှာ အလုပ်လုပ်တဲ့ ဒေသခံ လုံခြုံရေးအစောင့် ၂ ယောက် အပါအဝင် လူအနည်းဆုံး ၅ ယောက် သေဆုံးပြီး တော်တော်များများ အပြင်းအထန် ဒဏ်ရာ ရသွားကြပါတယ်။ တိုက်ခိုက်မှုတွေကို ပါကစ္စတန် တာလီဘန်တွေက သူတို့လုပ်တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင် တနာရီလောက် အလိုမှာ ဒီရာလာ အောက်ပိုင်းခရိုင်က နိုင်ငံရေးပွဲတခုအပေါ် အသေခံ ဖောက်ခွဲလို့ လူ ၄၀ ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။
ဒီလို တိုက်ခိုက်မှုတွေအပေါ် အမေရိကန် အစိုးရက အလွန်အမင်း စိုးရိမ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ရှုတ်ချ ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အင်မတန် စိတ်ဆိုး၊ စိတ်မချမ်းမသာ ဖြစ်ရတယ်လို့ ပြောပြီး ဒီတိုက်ခိုက်မှုတွေဟာ ပါကစ္စတန် ဒီမိုကရေစီကို အင်အားချည့်နဲ့အောင် လုပ်ချင်တဲ့ ရက်စက်တဲ့ အစွန်းရောက် သမားတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။