သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pinch စကားလုံး အီဒီယံအသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ pinch pennies, in a pinch နဲ့ pinch hit တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက pinch pennies ဖြစ်ပါတယ်။ Pinch ကတော့ ဝါကျအသုံးပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဆိတ်တာ၊ လိမ်ဆွဲတာ၊ ညှပ်ဆွဲတာ စသည်တို့ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ငွေအသုံးနဲ့ ပတ်သက်လို့ စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Pennies ကတော့ ပြားစေ့ ဖြစ်ပါတယ်။ ဒါကြောင့် pinch pennies ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြားစေ့တွေနဲ့ ပတ်သက်လာရင် စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Penny ပြားစေ့ကတော့ အမေရိကန်သုံးငွေ အကြွေးတန်းဖိုး တပြား ကို ဆိုလိုပါတယ်။ တဒေါ်လာမှာ ပြားတရာ ရှိပါတယ်။ ဒါကြောင့် လူတဦးက ပြားစေ့တွေအသုံးမှာ စေ့စေ့စပ်စပ် ရှိလာရင် ကျမတို့ မြန်မာစကားမှာ ပြောသလို တပြား၊ နှစ်ပြားကအစ သိတတ်တယ်၊ တပြား၊ နှစ်ပြား ခွာသုံးခြင်း ကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ Joe ဆိုတဲ့ အိမ်နီးချင်းက ပစ္စည်းဥစ္စာ ပြည့်စုံပေးမယ့် သိပ်ကို ကပ်စေးနဲတဲ့အကြောင်း ပြောဆိုထားတာကို လေ့လာကြည့်ရအောင်ပါ။

"Joe and his wife certainly like to pinch pennies. They both have good jobs, but they drive an old car, buy cheapest clothes they can find, never go out to eat or see a movie, but one thing assure they have plenty of money when they retire."

"Joe နဲ့ သူ့ဇနီးကတော့ တကယ့်ကို တပြားနှစ်ပြားခွာသူတွေပါ။ နှစ်ဦးစလုံး အလုပ်အကိုင်တွေ ကောင်းကြပေမယ့် မော်တော်ကားအဟောင်းကြီးကိုပဲ စီးကြတယ်။ အဝတ်ဆိုလည်း ဈေးပေါတာကို ရှာဝယ်ကြတယ်။ အပြင်မှာလည်း ဝယ်မစား၊ ရုပ်ရှင်လည်း ထွက်မကြည့်။ ဒါပေမဲ့ တခုတော့ သေချာတာကတော့ သူတို့ ပင်စာစားကြတဲ့အခါကြရင် ငွေတွေ အများကြီး ရှိကြလိမ့်မယ်။"


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pinch ဖြစ်ပါတယ်။ In အထဲမှာ၊ အချိန်အတောအတွင်း။ Pinch က ဒီနေရာမှာ အရေးပေါ် အခြေအနေ၊ အရေးကြီးတဲ့ အခြေအနေ၊ အကြပ်အတည်း တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အရေးကြီးတဲ့အချိန်၊ အရေးပေါ်အချိန်၊ အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဘေးကျပ်နံကျပ်နဲ့ ကြုံလာချိန်၊ အရေးပေါ်အချိန်မှာ ဖြတ်ထိုးဉာဏ်သုံးပြီး အလုပ်ဖြစ်အောင်၊ မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ ဒဏ်ရာရလို့ ပတ်တီးစီးရဖို့ ရှိတဲ့အခါမှာ ပတ်တီးမရှိတဲ့အခါမှာ အဝတ်စနဲ့ အစားထိုးစီးလိုက်ရတဲ့ သဘောဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ အဆင်ပြေအောင် ပြုလုပ်နိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ သူ့ကားမှာ တပ်ထားတဲ့ တာယာတွေက ဂတုံးနီးပါးဖြစ်နေ ကားအပိုဘီးလည်း မကောင်းတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။

"I'm afraid anyone of my tires will go flat any time. My spare tire is bald and leak air, but I hope in a pinch it lasts long enough to let me get to a nearest gas station where I can get some help."

"ကျနော့် ကားတာယာတွေဟာ ဘယ်အလုံးမှာ လုံးလုံးစိတ်မချရဘူး။ အချိန်မရွေး ပေါက်သွားနိုင်လို့ စိုရိမ်နေမိတယ်။ အပိုတာယာကလည်း ဂတုံးဖြစ်နေပြီး လေကလည်း စိမ့်ထွက်နေတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ အကူအညီ ရနိုင်တဲ့ ဓါတ်ဆီဆိုင်အထိတော့ ဒီအပို ကားတာယာက ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ pinch hit ဖြစ်ပါတယ်။ Pinch ကတော့ အထက်ပါ တင်ပြခဲ့တဲ့ အဓိပ္ပါယ်များအတိုင်း ဖြစ်ပါတယ်။ Hit ကတော့ ရိုက်နှက်သည် ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက အမေရိကန် ဘေ့စ်ဘော (baseball) ကစားနည်းက လာတာဖြစ်ပါတယ်။ ဘေ့စ်ဘောကစားသမားက တဖက်အသင်းကပေးတဲ့ ဘောလုံးကို ရိုက်ဖို့ ရိုက်တံကို လွှဲပြီးချိန်ရွယ်ထားပြီး ဘောလုံးကို အားနဲ့ရိုက်လိုက်လို့ ဘောလုံးက အဝေးကြီးရောက်သွားရင် သူ့အနေနဲ့ ကွင်းကို ပတ်ပြေးနိုင်ပြီး အသင်းအတွက် အမှတ်ရယူနိုင်တာ ဖြစ်ပါတယ်။ အဲဒါကတော့ Hit ဖြစ်ပါတယ်။ Pinch hit ကတော့ အဲဒီလို ရိုက်တဲ့ ပုံမှန်အားကစားသမားက ဒဏ်ရာရလို့ဖြစ်စေ၊ တခုခုဖြစ်လို့ဖြစ်စေ ဆက်မကစားနိုင်တော့ရင် သူ့နေရာကို အစားထိုးတဲ့လူ၊ သို့မဟုတ် နဂိုလူထက် ပိုရိုက်ချက်ကောင်းအောင် ကစားနိုင်တဲ့လူကို အစားထိုးရိုက်တာကို ခေါ်ဆိုပါတယ်။ နေ့စဉ်အသုံးမှာတော့ လုပ်ငန်းတခုခုမှာ အရေးပေါ် အခြေအနေကြောင့် အစားထိုးခံရတဲ့လူကို pinch hit လို့ ခေါ်ပါတယ်။

အခုပေးမယ့် ဥပမာမှာတော့ Mr. Warran ရဲ့ မန်နေဂျာက နှလုံးရောဂါ အတွက် အရေးပေါ် ခွဲစိတ်ခံယူရမယ့် အခြေအနေကြောင့် ဖြစ်ပါတယ်။ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Mr. Warran was out two months recovering from his operation. His assistant Katie Lee was asked to pinch hit for it. She is very young, of course. But, she did such a great job we thought she takes over his office when he retires next year."

"Mr. Warran အနေနဲ့ ခွဲစိတ်ကုသမှု ခံယူပြီး နှစ်လအကြာ အနားယူရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ထောက် Katie Lee ကို အရေးပေါ် သူ့အစား တာဝန်ယူဖို့ ပြောထားတယ်။ တကယ်တော့ သူက ငယ်ရွယ်ပေမယ့် အလုပ်မှာ သိပ်ကိုတော်လို့ နောက်နှစ် သူ့ဆရာ အနားယူရင်တော့ ဒီအလုပ်ကို သူမဆက်ပြီး တာဝန်ယူရလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG