သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူကို တောင်းပန်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မူလရည်မှန်းချက်တွေ အတိုင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က တုံ့ပြန်မှု မရှိတဲ့အတွက် အောင်မြင်မှု မရရှိခဲ့တာကို ဒီနေ့ ပြည်သူထံကို ပန်ကြားချက်တစောင် ထုတ်ပြန်ပြီး တောင်းပန်လိုက်ပါတယ်။ ဒါ့အပြင် ဘယ်လို အခြေအနေမျိုးကိုပဲ ရောက်ရောက် ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြည်သူကို အသိပေးလိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ အချက် ၇ ချက် ပါဝင်တဲ့ ပန်ကြားချက်ရဲ့ အနှစ်ချုပ်ကို အခုလို စရှင်းပြပါတယ်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စတင် ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင် မဟုတ်သော အစိုးရများ တက်ရောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလာတယ်။ အဲဒီလို ကြိုးပမ်းလာတာမှာ ပါတီခေါင်းဆောင်တွေ၊ ပါတီအဖွဲ့ဝင်တွေဟာ ထိခိုက်နစ်နာမှု အမျိုးမျိုးကို ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီပဲယင်းမှာ အသက်ဘေးက သီသီလေး လွတ်လာတယ်။

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ် အနေနဲ့က အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း တောင်းဆိုခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့ စာမှာလည်း စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် တွေ့ဆုံ ပြောကြားလိုတယ်လို့လည်း ပြောတယ်။

“ဒီလို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးစားခဲ့သော်လည်း တဘက်က တုံ့ပြန်မှု မရတဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့ရတာကိုလည်း ပြည်သူလူထုကို တောင်းပန်တယ်။ အဲဒီလို တောင်းပန်ရင်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းစဉ်အတိုင်း အကြမ်းမဖက်တဲ့နည်းနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက် ကြိုးပမ်းသွားပါမယ်လို့ ပြည်သူလူထုကို အမှာစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။”

အဲဒီလိုမျိုး ကြိုးပမ်းတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ ကြိုးပမ်းသွားမှာလဲ။ ဥပမာ အန်ကယ်တို့ကလည်း မှတ်ပုံမတင်တဲ့အခါမှာ ရက်ပေါင်း ၆၀ ပြည့်တဲ့အခါ သူတို့က ပါတီကို အသိအမှတ် မပြုဘူး၊ ဖျက်သိမ်းမယ်ဆိုရင် အန်ကယ်တို့အနေနဲ့ အဖွဲ့အစည်းတခု အနေနဲ့ မရှိဘဲနဲ့ ဘယ်လိုရပ်တည်သွားမယ်၊ ဘယ်လို ရှေ့ဆက်ပြီး လုပ်ကိုင်သွားမယ်လို့ ဆုံးဖြတ်ထားလဲ။

“နိုင်ငံရေးလုပ်တဲ့ လုပ်နည်းလုပ်ဟန် မျိုးစုံကို လုပ်မှာပဲ။ ကျနော်တို့ ပါတီအဖွဲ့အစည်း မရှိတဲ့အတွက် ဘယ်ပုံစံပဲလို့ ထုတ်ပြောလို့ မဖြစ်သလို ကျနော်တို့လုပ်မယ့် အလုပ်မှန်သမျှကလည်း ဥပဒေဘောင်အတွင်းက တရားဥပဒေနဲ့ ညီညွတ်တဲ့ နည်းလမ်းနဲ့ လုပ်နည်းလုပ်ဟန် မျိုးစုံနဲ့လုပ်မယ်။ ပါတီမရှိတဲ့အတွက် မူဝါဒတို့ ဘာတို့ ညာတို့ ဒီလိုပြောခွင့်မရှိတော့ ကျနော်တို့လည်း မပြောဘူး။ ဒါပေမဲ့ နိုင်ငံရေးကိုတော့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုတော့ တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်မယ်လို့ ဒီလိုပြောတာပါ။”

ပထမတော့ ကြားတာ နိုင်ငံရေး လုပ်ခွင့်မရတဲ့အတွက် မလုပ်ဘဲနဲ့ လူထုအတွက်ပဲ အဓိကထားပြီး NGO ပုံစံမျိုးနဲ့ ကူညီမှုတွေ လုပ်သွားမယ်လို့ သိနေလို့ပါ။ ဆိုတော့ အဲဒီလိုမျိုး လုပ်လို့ရှိရင်ရော နယ်တွေမှာရှိတဲ့ NLD အဖွဲ့ဝင်ဟောင်းတွေနဲ့ ဘယ်လိုဆက်သွယ်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

“ကျနော်တို့ အရင်တုန်းက ဆက်သွယ်ပုံက Vertical Communication လို့ ပြောရင်ရမယ်။ အထက်အောက်ပေါ့။ အပေါ်မှာ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၊ နောက် CC၊ အောက်ကို ဆင်းသွားတာပါ။ အခု ဆက်ဆံရေး Communication ကတော့ တိုက်ရိုက်ဆက်သွယ်ရေး၊ Horizontal ဆက်သွယ်ရေး၊ ဒီလိုသဘောမျိုး ဖြစ်ပါမယ်။

“ခုနပြောတဲ့ လူမှုအဖွဲ့အစည်း NGO နဲ့ လုပ်မယ်ဆိုတာက CEC ရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ တဦးချင်းက အကောင်းဆုံးကို တွေးပြီးတော့ ပြောတာမျိုးပါ။ ကျနော်တို့ မဟုတ်ဘူးလည်း မပြောဘူး၊ ဟုတ်တယ်လို့လည်း မပြောနိုင်ပါဘူး။ လောလောဆယ်မှာတော့ ကျနော်ပြောနိုင်တာက လူမှုရေး ဆိုတာလည်း နိုင်ငံရေးပါပဲလို့တော့ ပြောချင်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG