သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန်


ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။ ဟားဗာ့ဒ် (Harvard) တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက် မပြန့်ပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း (Matthew Bunn) က ဗွီအိုအေ အမေရိကန်အသံမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရှေ့သီတင်းပတ် ဝါရှင်တန်မြို့တော်မှာ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေ အိမ်ဖြူတော် နျူကလီးယား ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး ကမ္ဘာတဝန်း နျူကလီးယးလက်နက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အချိန် ဒေါက်တာ မက်သယူး ဘန်းက နျူကလီးယား နည်းပညာနဲ့ အန္တရာယ်အကြောင်း မနေ့က ဗွီအိုအေ အမေရိကန်အသံမှာ သတင်းစာရှင်းလင်းပွဲ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းနေပြီး ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်မှုဟာ အရပ်ဖက် သုတေသနသုံးအတွက် ရည်ရွယ်တယ်လို့ စစ်အစိုးရဘက်က ပြောဆိုထားပါတယ်။

ဒါကြောင့်လည်း စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံတခု အနေနဲ့ ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်ဖို့ ကြိုးစားမှုဟာ တကယ်လို့ သူတို့ပြောသလို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ဖြစ်တယ်၊ တခြား စစ်ရေးရည်မှန်းချက်အတွက် သုံးတာမျိုး မဟုတ်ရင် မဖြစ်သင့်ဘူးလားလို့ ဒေါက်တာ မက်သယူး ဘန်းရဲ့ အမြင်ကို ဗွီအိုအေက မေးခဲ့ပါတယ်။

“စွမ်းအင်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုမှုတွေ ဒီနေ့ ရှိနေပါတယ်။ ဒီစွမ်းအင်ကို ဘေးကင်း လုံခြုံအောင် ထိန်းသိမ်းဖို့ဆိုတာ ရှုပ်ထွေး နက်နဲတဲ့ နည်းလမ်းတွေကို သုံးပြီး အထူးအလေးထား စောင့်ရှောက်ရတာပါ။ တကယ်လို့ ခေတ်မီ တိုးတက်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း အားနည်းနေမယ်ဆိုရင် ဒီ နျူကလီးယားစွမ်းအင် သုံးစွဲမှုက လိုအပ်တဲ့ သင့်လျော်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၈ နှစ်နဲ့စာရင် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ၂ ဆ ပိုများလာခဲ့ပါတယ်။ ဒါကြောင့်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နည်းက စီးပွားရေးအရလည်း တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူးဆိုပြီး မက်သယူး ဘန်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေဟာ အာရုံစူးစိုက်ရမယ့် အနေအထားမှာ ရှိပေမဲ့ စိုးရိမ်ရမယ့် အခြေအနေမှာတော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စက အခုအချိန်အထိ တိတိကျကျ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ အခုအချိန်အထိ သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်နိုင်နေပြီလား၊ နျူကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင်နိုင်ပြီလား၊ ဘာမှ ရေရေရာရာ မရှိသေးပါဘူး။ စောင့်ကြည့်လေလာဖို့၊ အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိုးရိမ်ထိတ်လန့်ရမယ့် အဆင့်တော့ မရောက်သေးပါဘူး။”

ဟားဗာ့ဒ်တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ မြန်မာစစ်အစိုးရက သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ရုရှားနိုင်ငံကနေ နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ နိုင်ငံတကာက အာရုံစူးစိုက်လာခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ရုရှားနိုင်ငံကို စစ်အရာရှိ ၁,၀၀၀ လောက် စေလွှတ်ပြီး သင်တန်းတက်ခိုင်းခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်လာတဲ့ အတွက်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ကို အာရုံစိုက်လာတဲ့ အဆင့်ကနေ နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ မြေအောက်လိုဏ်ဂူတွေဟာ နျူကလီးယားစွမ်းအင် ထုတ်လုပ်ဖို့ တည်ဆောက်တာ ဟုတ်မဟုတ် အသေအချာ မပြောနိုင်သေးတဲ့အကြောင်း၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနေ ကွန်ပျူတာစနစ်သုံး စစ်ဘက်၊ အရပ်ဘက် အသေးစိတ် တီထွင်ထုတ်လုပ်နိုင်တဲ့ အကြီးစား စက်ကိရိယာတွေ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက မှာယူခဲ့တာ၊ ပြင်ဦးလွင်နဲ့ ၁၀ မိုင်လောက် ဝေးတဲ့နေရာနဲ့ မန္တလေး အနောက်ဘက် မိုင် ၈၀ အကွာ လူနေအိမ်ရာတွေနဲ့ ဝေးတဲ့နေရာတွေက အမိုးပြာနဲ့ အဆောက်အဦးကြီးနှစ်ခု ဓာတ်ပုံတွေကို Goggle Map ဂြိုဟ်တုဆက်သွယ်ရေး ဓာတ်ပုံတွေကို ထုတ်ပြပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်တဲ့ လက်နက်အကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေနိုင်တဲ့အကြောင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုနဲ့ ခန့်မှန်းချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG