သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kyrgyzstan မှာ အတိုက်အခံ အာဏာသိမ်းကြောင်း ကြေညာ


အာရှအလယ်ပိုင်းမှာရှိတဲ့ ကီးရ်ဂစ္စတန်နိုင်ငံ (Kyrgyzstan) က အတိုက်အခံ နိုင်ငံရေးအဖွဲ့က တိုင်းပြည်ရဲ့ အာဏာကို ရယူလိုက်ပြီလို့ ပြောလိုက်ပါတယ်။

နိုင်ငံတဝန်းက မြို့ကြီးတွေ တော်တော်များများမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၄၀ လောက် အနည်းဆုံး သေဆုံးပြီး လူ ၄၀၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး တရက်အကြာမှာပဲ အတိုက်အခံတွေက နိုင်ငံတော် အာဏာကို ထိန်းချုပ်လိုက်ပြီလို့ ပြောလိုက်တာပါ။

အတိုက်အခံခေါင်းဆောင်က ယာယီအစိုးရကို နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဇာ အိုတန်ဘာယေးဗား (Roza Otunbayeva) နဲ့ ဖွဲ့စည်းလိုက်ပြီလို့ မနေ့က ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် ဒနီယာ ဥစနော့ဗ် (Daniyar Usenov) က သူ ရာထူးကနေ နှုတ်ထွက်ပါ့မယ်လို့ မြန်မြန်ဆန်ဆန် သဘောတူလိုက်ပြီး နောက်ပိုင်း အတိုက်အခံ ခေါင်းဆောင်ကနေ သူတို့အစိုးရအဖွဲ့ကို ဖွဲ့လိုက်ပြီလို့ မနေ့တုန်းက ပြောခဲ့တာပါ။ အတိုက်အခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အတည်ပြုချက်တော့ မရသေးပါဘူး။

ကီးရ်ဂစ္စတန်နိုင်ငံရဲ့ သမ္မတ ကူရ်မန်ဘိခ် ဘာကီယိဗ် (Kurmanbek Bakiyev) က အခု ဘယ်မှာရောက်နေလဲ မသိရပါဘူး။ အတိုက်အခံတချို့ ပြောတာကတော့ သမ္မတဟာ မြို့တော်ကနေ ထွက်ခွာသွားပြီး သူ့ရဲ့ အာဏာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတောင်ပိုင်း အို့ရှ်မြို့ (Osh) မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေဟာ မြို့တော်တင်မက တခြားမြို့တွေမှာပါ ဖြစ်ပွားတဲ့အကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။ မြို့တော် ဘီရှ်ကစ် (Bishkek) မှာတော့ ညပိုင်းမှာ သေနတ်သံတွေ ဆက်ပြီး ကြားနေရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေ အတည်ပြု ပြောဆိုတာက လူ ၄၀ သေဆုံးတယ်လို့ ဆိုပေမဲ့ အတိုက်အခံတွေ ပြောတာကတော့ အနည်းဆုံး လူ ၁၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့နဲ့ ပါတီအားလုံးက ဥပဒေတွေကို လေးစားလိုက်နာဖို့ ပြောပါတယ်။ အာဖဂန်စစ်ပွဲအတွက် အမေရိကန်ရဲ့ လေတပ်စခန်းဟာ ကီးရ်ဂစ္စတန်နိုင်ငံမှာ ရှိပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်နေလို့ မနေ့ကတော့ လေယာဉ် အဆင်းအတက် မလုပ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG