ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင် ဆုံးဖြတ်ချက် နဲ့ မြန်မာ့နိုင်ငံရေး လက်ရှိ နဲ့ အနာဂတ်အခြေအနေများကို အမေရိကန်ပြည်ထောင်စု ဂျော့ချ်တောင် တက္ကသိုလ် (Georgetown University) မှ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်ပြီး ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုသဘောရပါသလဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ယူဆပါသလား။
Dr. David Steinberg ။ ။ သူတို့အဖို့ အင်မတန် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကို ချရမှာ ဖြစ်ပါတယ်။ လက်ခံမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လက်မခံဘူးလို့ ဆုံးဖြတ်ဆုံးဖြတ် နှစ်ခုစလုံးက သူတို့အဖို့ မလွယ်ကူးပါဘူး။ ဒီ ဥပဒေကို သဘောတူ လက်ခံလိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်ရာ ရောက်သွားပြီး ထောင်ထဲမှာ ရောက်နေတဲ့သူ တွေကို အဖွဲ့ဝင်အဖြစ် စွန့်ပစ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါအပြင် လက်မခံဘူးဆိုပြီး ပယ်ချလိုက်ရင်လည်း သူတို့ပါတီ ရပ်တည်ခွင့် ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ စေတနာဝန်ထမ်း NGO တခုလို ရပ်တည်နိုင်စရာအကြောင်း မမြင်ပါဘူး။ မြန်မာပြည်မှာ NGO တွေကလည်း အစိုးရမှာ မှတ်ပုံတင် တင်ရပါတယ်။ နောက်ပြီး နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့ နိုင်ငံရေးအရ ထောက်ခံမှုတွေ လုပ်နေတဲ့ NGO ဆိုတာကလည်း ဒီတိုင်းပြည်မှာ မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ အနေနဲ့က တခုမဟုတ်တခု ဆုံးဖြတ်ရမှာပဲ။ ဘယ်လို ဆုံးဖြတ်သင့်တယ်လို့ ပါမောက္ခကြီး ထင်ပါသလဲ။
Dr. David Steinberg ။ ။ သူတို့ ဘာလုပ်သင့်တယ်ဆိုတာ ကျနော် မပြောနိုင်ပါဘူး။ ဒါဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါကို လက်မခံသင့်ဘူးလို့ ထင်တဲ့အကြောင်း ပြောခဲ့ပြီး ပါပြီ။ ဒါကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အခြေခံအားဖြင့် သဘောတူကြတယ်။ နောက်ဆုံးတဖွဲ့လုံးက မှတ်ပုံမတင်ကြဘူး လို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ရေး မတင်ရေးကိုက နည်းပရိယာယ်ပိုင်းတခုသာ ဖြစ်ပါတယ်။ သူတို့လိုချင်တာက ဒီမိုကရေစီပုံစံတမျိုးပါ။ သူတို့ လိုချင်တဲ့ကိစ္စကို အခု နည်းပရိယာယ်နဲ့ ရနိုင်မလားဆိုတာကတော့ စဉ်းစားရမယ့် ကိစ္စပါ။ ကျနော်ကတော့ ရနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် သူတို့က ခက်ခက်ခဲခဲ ဆုံးဖြတ်ကြရပေမဲ့ သူတို့ပြဿနာတွေ ပြေလည်ရေးကိစ္စကတော့ ကျနော် မမြင်မိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီ ဆုံးဖြတ်ချက်မချခင် စဉ်းစားချက်တွေထဲမှာ ဥက္ကဌဦးအောင်ရွှေ တို့ အတွင်းရေးမှုးဦးခင်မောင်ဆွေ တို့လို ပုဂ္ဂိုလ်တို့က မှတ်ပုံတင် ရွေးကောက်ပွဲ ဝင်သင့်တယ်၊ ဒီမိုကရေစီ မစို့မပို့လေးရတောင် ပါတီက တရားဝင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ပြီးတော့ ဖွဲ့စည်းပုံဘောင်အတွင်းက အဲဒီအခွင့်အရေးကို တိုးချဲ့ထွင်နိုင်စရာ ရှိတယ်လို့ သူတို့က ပြောဆိုခဲ့ကြပါတယ်။
Dr. David Steinberg ။ ။ ဟုတ်ပါတယ် ဆုံးဖြတ်ရတာ သိပ်ခက်ခဲတဲ့ ကိစ္စပါ။ စမ်းပြီးမှတ်ပုံတင်ကြည့်၊ ရွေးကောက်ပွဲ ဝင်ကြည်မယ်ဆိုရင် ပိုကောင်းတဲ့ အခြေအနေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပါလီမန်မှာလည်း အမတ်နေရာ အတော်အသင့် ရပါလိမ့်မယ်။ လွှတ်တော်မှာ သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုခွင့် ရရှိပါလိမ့်မယ်။ အခုလို မှတ်ပုံမတင် လိုက်တော့ ဒီအခွင့်အရေး မရှိတော့ပါဘူး။ သူတို့အဖွဲ့ဝင်တချို့ဟာ တခြားပါတီတွေနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲ ဝင်ချင်ရင် ဝင်ကြပါလိမ့်မယ်။ ဆိုတော့ လွှတ်တော်မှာ အတိုက်အခံအသံတွေ ကြားနေရမှာပါ။ ကျနော်ထင်ပါတယ်။ သူတို့မှာ အာဏာတော့ ရှိတော့မယ် မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ ထဲက အဖွဲ့ဝင်တချိုု့ကတော့ တသီးပုဂ္ဂလိကအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောတာ ကျနော်တို့ ကြားမိပါတယ်။ ဒါပေမဲ့ ဒါကိုတော့ အတည်ပြုမပြောနိုင်သေးပါဘူး။ တချို့က ဘယ်လို ထောက်ပြသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကသာ အန်အယ်လ်ဒီ ကို တစည်းတလုံးတည်း ရွေးကောက်ပွဲဝင်ကြ၊ သူမ ထောက်ခံနေတယ်လို့ ဆိုရင် ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ တခဲနက် အနိုင်ရနိုင်တယ်။ ၇၅ ရာခိုင်နှုန်းလုံးလုံးတောင် ရနိုင်တယ်လို့ ဆိုကြပါ တယ်။
Dr. David Steinberg ။ ။ အန်အယ်လ်ဒီ အနေနဲ့ ၇၅ ရာခိုင်နှုန်းလုံး ရနိုင်လိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော် ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်အပေါ် လူကြိုက်များမှုတွေက သိပ်မြင့်မားပါတယ်။ ဒါပေမဲ့ အန်အယ်လ်ဒီပါတီရဲ့ ဂုဏ်သတင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းလောက် မမြှင့်မားပါဘူး။ ဒါကလည်း ပြဿနာ ဖြစ်နိုင်တဲ့ ကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူဟာ ပါတီမှာ ဝင်ခွင့်မရပေမယ့် ဒီပါတီကိုပဲ ထောက်ခံ နေတယ်။ ဆက်လုပ်ကြ ဒီ အန်အယ်လ်ဒီပါတီကိုသာ မဲပေးကြလို့ ပြောဆိုရင်တော့ လူထုက တခဲနက် မဲပေးထောက်ခံကြ မယ်လို့ ထင်နေတဲ့လူတွေ အများကြီးပါ။
Dr. David Steinberg ။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက သိပ်ကိုကြီးမားပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း အရှိန်အဝါက သိပ်ကြီးမားပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကဆိုရင် မြန်မာပြည်အခြေအနေထက် သူ့အကြောင်းကို ပိုသိကြပါတယ်။
ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ က မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ စစ်အစိုးရရဲ့ လုပ်ငန်းစဉ် အပေါ် တစုံတရာ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ဆရာကြီးထင်ပါသလား။
Dr. David Steinberg ။ ။ မရှိနိုင်ပါဘူး။ စစ်အစိုးရကတော့ သူတို့ အစီအစဉ်အတိုင်း ဆက်သွားမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်တဲ့ အတွက် စစ်အစိုးရအပေါ် နိုင်ငံတကာက သံသယတွေ ပိုပြီးကြီးမားပါလိမ့်မယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိရဲ့လား၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရဲ့လားဆိုတာ ပိုပြီးတော့ သံသယရှိလာမှာပါ။ ဒါဟာ ပြဿနာ တရပ်လို့ ကျနော်မြင်ပါတယ်။ ပြည်တွင်းလူထုရဲ့ သဘောထားကိုတော့ ကျနော်မပြောနိုင်ပါဘူး။ နိုင်ငံရေးသဘောထား မှတ်တမ်းယူတာတွေကို ကျနော်တို့ မလုပ်နိုင်ပါဘူး။ ပြည်ပမှာတော့ စစ်အစိုးရရဲ့ ဥပဒေက တင်းကျပ်လွန်းတယ်၊ အန်အယ်လ်ဒီ ကို ပယ်ထုတ်ချင်လို့ တမင်လုပ်တာလို့ မြင်နေကြတာကတော့ အမှန်ပါဘဲ။ တကယ်ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ နောက်တပိုင်းပါ။ လူတွေကတော့ ဒီလိုပဲ အဓိပ္ပါယ်ကောက်ယူကြပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တချက်က စစ်အစိုးရက အန်အယ်လ်ဒီကို ရွေးကောက်ပွဲမှာ မပါဝင်စေချင်ဘူး။ အန်အယ်လ်ဒီရဲ့ လူထုထောက်ခံမှု အင်အားကို စစ်အစိုးရကြောက်တယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ရင် သူတို့လူတွေ ရှုံးမှာပဲ။ ဒါကြောင့် အန်အယ်လ်ဒီ မဝင်ရအောင် ဥပဒေကို တမင်အကွက်ချ ရေးတယ်။ အခုတော့ အန်အယ်လ်ဒီကလည်း မဝင်ဖို့ ဆုံးဖြတ်လိုက်တော့ ဒါဟာ စစ်အစိုးရအကြိုက်ဖြစ်သွားတယ်လို့ မဆိုနိုင်ဘူးလား။
Dr. David Steinberg ။ ။ ခင်များပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ဟာ အန်အယ်လ်ဒီ ကို ရွေးကောက်ပွဲမှာ မဝင်စေချင်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သူတို့ သတိရနေဦးမှာပါ။ ဒီလိုမျိုးနောက်ထပ် ဖြစ်မှာကို သူတို့ မလိုလား ပါဘူး။ ဒီလို ရလဒ်မျိုးတော့ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက် များဆဲ ဖြစ်နေပေမယ့် အန်အယ်လ်ဒီ အပေါ်မှာတော့ နည်းနည်းသံသယဖြစ်ကြတယ်လို့ ကျနော်ထင်ပါတယ်။ အန်အယ်လ်ဒီ ထဲက ငယ်ရွယ်သူ မျိုးဆက်တချို့ကတော့ လွတ်လွတ်လပ်လပ် တွေးခေါ်ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ကောင်းဝင်ကြလိမ့်မယ် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘာများလုပ်ပေးနိုင်မယ်လို့ ထင်ပါသလဲ။ စစ်အစိုးရကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တွန်းပို့နိုင်ဖို့အတွက် ဘာများလုပ်ပေးနိုင်မလဲ။
Dr. David Steinberg ။ ။ သူတို့ သိပ်လုပ်ပေးနိုင်မယ်လို့ ကျနော်မထင်ပါဘူး။ စစ်တပ်ဟာ သူ့လမ်းကြောင်းနဲ့သူ သွားနေ တာပါ။ သူတို့အခေါ် ချမ်းသာကြွယ်ဝတဲ့ ဒီမိုကရေစီ သွားနေတာပါ။ လူတွေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူတို့ကတော့ ဆက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ သူတို့က ရွေးကောက်ပွဲလုပ်ပေးမယ်။ ဒီရွေးကောက်ပွဲကို ချယ်လှယ် နိုင်မယ်၊ သူတို့ဖွဲ့စည်းပုံနဲ့ လုပ်ထားတဲ့ ၂၅ ရာခိုင်းနှုန်းသာမက ဒီထက်ပိုပါလိမ့်မယ်။ တချို့က စစ်တပ်က အငြိမ်းစား ယူပြီးတော့ ရွေးကောက်ပွဲဝင်ကြပါလိမ့်မယ်။ သူတို့ဟာ ကြံခိုင်ဖွဲ့ဖြိုးရေးလို အဖွဲ့တွေရဲ့ ကျောထောက်နောက်ခံနဲ့ ဝင်ကြ မှာပါ။ သူတို့ ရွေးချယ်ခံကြရမယ်ဆိုတော့ လွှတ်တော်မှာ အတိုက်အခံတချို့ ရှိလာလိမ့်မယ်လို့ ကျနော်ပြောခဲ့ပေမဲ့ သူတို့ရဲ့ အသံကတော့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အသံတွေ မဟုတ်ပါဘူး။ သူတို့မှာ အာဏာလုံးဝရှိမှာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ creditability ဆိုတာ ဂုဏ်သိက္ခာရှိမှု၊ အများယုံကြည်လက်ခံနိုင်မှုဆိုတာ လက်တွေ့မှာ ဘယ်လို အဓိပ္ပါယ်ကောက်ယူနိုင်ပါသလဲ၊ ဒါက ရှိခြင်းမရှိခြင်းကြောင့် လက်တွေ့မှာ ဘာများဖြစ်လာနိုင်ပါမလဲ။
Dr. David Steinberg ။ ။ ဘယ်သူတွေရဲ့ ယုံကြည်လက်ခံလာမှုဆိုတာကို ခွဲခြားပြောဆိုရပါလိမ့်မယ်။ ဒါက အဓိက ကျပါတယ်။ ပြည်တွင်းမှာ မြန်မာပြည်သူတွေရဲ့ လက်ခံယုံကြည်လာမှုက တပိုင်းပါ။ ဒါပေမဲ့ ပြည်ပနိုင်ငံတွေကြားမှာ ကျနော်တို့ကြားမှာ ယုံကြည်လက်ခံမှု ရှိမလားဆိုရင်တော့ မရရှိနိုင်ပါဘူး။ အာဆီယံ၊ ကုလသမဂ္ဂ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ တို့ကြားမှာ creditability ရနိုင်မလားဆိုရင်တော့ ရကောင်းရနိုင်ပါလိမ့်မယ်။ ယုံကြည်လက်ခံနိုင်တဲ့လူ၊ လက်မခံနိုင်တဲ့လူ ကွဲလွဲနေကြမှာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုရင် creditability ရှိတယ်မရှိဘူးဆိုတဲ့ အချက်ဟာ စစ်အစိုးရအပေါ် အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ဘူးဆိုတဲ့သဘောလား။
Dr. David Steinberg ။ ။ ရှိတော့ရှိမှာပါ။ ဒါပေမဲ့ ဒီအချက်ကြောင့် စစ်တပ်ကို အာဏာက ဖယ်မရှားနိုင်ပါဘူး။ နိုင်ငံတော်ရဲ့ အဓိကနေရာကို ထိန်းချုပ်နေတဲ့ စစ်တပ်ရဲ့ အကြံအစည်ကို စွန့်လွှတ်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ စစ်အစိုးရကတော့ creditability ရှိရှိမရှိရှိ ဆက်လက်ကြီးစိုးနေမှာပါ။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တချို့က အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို သံသယရှိချင်ကြပါတယ်။ အမေရိကန်အစိုးရ ကတော့ အစောပိုင်းမှာ ဒီရွေးကောက်ပွဲကို ပြေပြေလည်လည် ချောချောမွှေ့မွှေ့ ပြီးသွားစေချင်တဲ့သဘောရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးချင်စိတ်တောင် ရှိခဲ့ပုံရတယ်လို့ ဆိုကြပါတယ်။ ဟုတ်ပါသလား။
Dr. David Steinberg ။ ။ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ကျန်တဲ့နိုင်ငံတွေ လိုချင်ကြတာက မြန်မာပြည်သူတွေ သူတို့ သဘောထားကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အရေး ရဖို့ဖြစ်ပါတယ်။ ဒါက အရေးကြီးပါတယ်။ အစိုးရက ဒီလိုလုပ်ပေးနိုင်ရင်တော့ အဆင်ပြေမှာပါ။ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်နေမှာပါ။ ဒါက ဒီမိုကရေစီပါ။
ဦးကျော်ဇံသာ ။ ။ ဆရာကြီးရဲ့ သုံးသပ်ချက်အရပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘယ်တော့အခါများ ဒီမိုကရေစီကို ဦးတည်တဲ့ စစ်မှန်တဲ့ လမ်းကြောင်းပေါ်ရောက်နေတာကို ကျနော်တို့ တွေ့မြင်ရမလဲ။ ဒီလို ဖြစ်လာအောင် ဘာလုပ်ကြ ရမလဲ။
Dr. David Steinberg ။ ။ အချိန်ရလာတဲ့အမျှ အတော်အသင့် လျှော့ပေးမှုတချိုု့တော့ ရှိလာနိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ပေးလာပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကတော့ ကြာမြှင့်ပါလိမ့်မယ်။ မြန်မာလူ့အဖွဲ့အစည်းမှာ ပြည်သူတွေအဖို့ social mobility လို့ ခေါ်တဲ့ လူ့မှုအကူအပြောင်းလုပ်ပေးနိုင်တဲ့ လမ်းကြောင်းတွေ ရှိလာဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကနေ တဆင့်၊ အန်ဂျီအိုတွေက တဆင့် ၊ ပညာရေးက တဆင့်၊ လူမှု့အကူးအပြောင်းတွေ ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒါမှ လူငယ်တွေက သူတို့ လူ့အဖွဲ့အစည်းအတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ အခုအခါမှာတော့ ဒီလမ်းကြောင်းတွေကို စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ကျနော်အမြင်မှာတော့ အချိန်ကာလ ကြာညောင်းလာတာနဲ့အမျှ ဒီလမ်းကြောင်းတွေ ပွင့်လာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လမ်းကြောင်းဖြစ်ပါတယ်။ တခုတည်းသော လမ်းကြောင်း မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။ တောင်ကိုရီးယားမှာလည်း ဒီလိုပဲ ပြောင်းလဲလာ ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ social mobility ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးပါ။
Dr. David Steinberg ။ ။ အဓိပ္ပါယ်ကတော့ လူငယ်တွေ လူ့အဖွဲ့အစည်းအတွင်း အဆင့်မြင့်မားလာရေးအတွက် နှိုးဆွ ပေးနိုင်စွမ်း ဘယ်လောက်ရှိမလဲဆိုတာပါပဲ။ အခုလောလောဆယ်မှာတော့ အခွင့်အလမ်းတွေအားလုံးကို စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ပညာရေးကိစ္စ၊ ပုဂ္ဂလိကစီးပွားရေး အခွင့်အလမ်းတွေ နဲ့ သံဃာအဖွဲ့အစည်းတွေပါ စစ်တပ်က ထိန်းချုပ်ထားတာပါ။ ဒါကြောင့် အဆင့်မြင့်မားရေးအတွက်ဆိုရင် စစ်တပ်လမ်းကြောင်းကတဆင့် သွားရပါလိမ့်မယ်။ အနာဂတ်မှာတော့ ဒီအခွင့်လမ်းတွေ တဖြည်းဖြည်းပွင့်လာပါလိမ့်မယ်။ လူငယ်တွေ တက်လမ်းတွေ ရှိလာမှာပါ။ အဲဒီကျမှ မြန်မာပြည် ပြောင်းလဲပါလိမ့်မယ်။