သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားက မြန်မာ့အရေး ဖိအားပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တိုက်တွန်း


ဗီယက်နမ်နိုင်ငံမှာ ဒီကနေ့ စတင်တဲ့ အာဆီယံ ထိပ်သီးညီလာခံအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး စိတ်ချရအောင် အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ဝိုင်းဝန်း တိုက်တွန်းပေးရေး အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ဆော်သြပေးဖို့အတွက် လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျကာတာမြို့ကနေ ဗွီအိုအေ သတင်းထောက် ဘရိုင်ယန် ပက်ဒန် (Brian Padden) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ဒေသတွင်း ဒီမိုကရေစီ ထွန်းကားရေးကို ဆောင်ကြဉ်းသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့ ကတိစကားနဲ့အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး ဖိအားပေးစေလိုတယ်လို့ အာရှ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ယူဒိုယိုနိုဟာ မြန်မာအပါအဝင် အာဆီယံ ခေါင်းဆောင်တွေနဲ့ ဒီကနေ့နဲ့ မနက်ဖြန်မှာ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါကြောင့် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နိုင်အောင် သမ္မတ ယူဒိုယိုနို အနေနဲ့ ဖိအားပေးပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းအပေါ် အတွေ့အကြုံ အရရော၊ ယုံကြည်ကိုးစားမှု အရပါ အထိုက်အလျောက် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိတယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က အီလိန်း ပီယာစန် (Elaine Pearson) က အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်။ ပထမအချက်က အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲမှာ ဦးဆောင်နေတဲ့ အဖွဲ့ဝင်တနိုင်ငံ ဖြစ်နေလို့ပါ။ ဒါ့အပြင် သူဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိက ပြောလေ့ရှိတဲ့သူ၊ ပြင်းပြင်းထန်ထန် ပြောလေ့ရှိသူပါ။ နောက် သူ့နိုင်ငံရဲ့ ရာဇဝင်ကိုကြည့်ရင် စစ်ဘက် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်ခဲ့တာမို့ပါ။ ဒါတွေကြောင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ နားထောင်လာအောင် အင်ဒိုနီးရှားနိုင်ငံက အပြောနိုင်ဆုံး အခြေအနေမှာ ရှိနေပါတယ်။”

တကယ်တော့ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားပေမဲ့ ဘယ်နေ့ ကျင်းပမှာလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ အနေနဲ့ကတော့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်သွားကြမလဲ ဆိုတဲ့အပေါ် သဘောထားတွေ ကွဲလွဲနေပါတယ်။

EU ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့မှုတွေနဲ့ အရေးယူထားဆဲ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူး ဆိုတဲ့ မူဝါဒကို အာဆီယံက စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အာရှ အစီအစဉ်ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နယ်ဂတ်စ်ကတော့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

“အင်ဒိုနီးရှား အနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အာဆီယံ အတွင်းမှာ အခုလို အခိုင်အမာ ရပ်တည်သွားတာကို Amnesty International က ကြိုဆိုပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံ အသင်းကြီးကို မတည်ခဲ့တဲ့ အဖွဲ့ဝင်တနိုင်ငံ ဖြစ်သလို အာဆီယံအတွင်းလည်း အင်အားကြီးတဲ့ နိုင်ငံဖြစ်လို့ မြန်မာစစ်အစိုးရအပေါ် ပြောနိုင် ဆိုနိုင်အား ရှိတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း Amnesty International က ယူဆပါတယ်။”

အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်အရ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို အရေးယူဖို့ ဖြစ်နိုင်ချေ အလားအလာတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေး တည်ငြိမ်မှုရှိအောင် ဆော်သြနေတဲ့ အသိုင်းအဝိုင်းကနေ ဒီ ထိပ်သီးညီလာခံမှာ ဆွေးနွေးသွားမယ်လို့ အော့က်စ် ဖမ်း (Oxfam) လူမှုရေးအဖွဲ့က ယူယွန်း ဝါယွန်နင်ဂရမ် (Yuyun Wahyuningrum) က ပြောပါတယ်။ ဒါပေမဲ့ အာဆီယံ အသင်းဝင် နိုင်ငံတွေ အားလုံးက တညီတညွတ်တည်း သဘောတူမှသာ ဆုံးဖြတ်ချက်တခုကို ချမှတ်နိုင်တာကြောင့် မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ် တစုံတရာ ပေးမယ့်ပုံတော့ မတွေ့ရဘူးလို့ အခုလို ပြောပါတယ်။

“ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး တမျိုး သို့မဟုတ် တမျိုးတော့ သူတို့ ပြောကြမှာပါပဲ။ ဒါပေမဲ့ ရလဒ်ကတော့ ဘာဖြစ်လာမလဲ ဆိုတာကို မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံ အသင်းကြီးရဲ့ အခြေခံမူ တရပ်ကိုက အားလုံး သဟဇာတရှိတဲ့ မိသားစုလိုမျိုး အတူရပ်တည်ဖို့ ဖြစ်တာကြောင့် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး အတွက် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံလို ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကနေ သံတမန်ရေးအရ ထိတွေ့ ဆက်ဆံတာတွေနဲ့အတူ ဝိုင်းဝန်း ဖိအားပေးကြဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြတယ်လို့ ဗွီအိုအေ သတင်းထောက် ဘရိုင်ယန် ပက်ဒန် ဂျကာတာမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG