သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မပြောနိုင်


<!-- IMAGE -->

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင်ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ထူးထူးခြားခြား ဝေဖန်ပြောဆိုတာတွေ၊ ဆုံးဖြတ်ချက် ချမှတ်တာတွေတော့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးနဲ့ စီးပွားရေး အသိုက်အဝန်း ဆိုတာကို တည်ထောင်ဖို့ ရည်မှန်းချက် ချမှတ်ထားပြီး အခု ထိပ်သီး အစည်းအဝေးမှာ ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ့် လုပ်ငန်း ဖြစ်လာဖို့ ရည်ရွယ်ထားကြပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုပြီး မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ခွင့်ကို ပိတ်ပင် ကန့်သတ်ထားတာမျိုးတွေ ပါနေတဲ့အတွက် အာဆီယံရဲ့ အဲဒီရည်မှန်းချက်ကို ဘယ်လောက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေး မတိုင်ခင်တုန်းက သံသယစွက်တဲ့ လေသံနဲ့ ခပ်ထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ အစည်းအဝေးအတွင်းမှာ တကယ်တမ်း ပြောဆိုကြပြီးတဲ့ အခါမှာတော့ အရင်က လေသံတွေတောင်မှ ပြောင်းသွားတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတင် မဟုတ်ဘဲ အာဆီယံ ဒေသတခုလုံးက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေသက်သက် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံစလုံးက လူ့အခွင့်အရေး အခြေအနေ အားလုံးကိုက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ အားလုံးဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြသေးပါဘူး။ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။”

ထိပ်သီး အစည်းအဝေး မစခင်လေးတင် မြန်မာနိုင်ငံကို သွားခဲ့၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုတာတွေ လုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အချိန်ယူရနိုင်တယ်လို့ ပြောဆိုခဲ့ဖူးတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာရ်တီ နာတာလ်ဂါဝါ (Marty Natalegawa) ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရဘက်က ပြောတာကို နားထောင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒီမိုကရေစီနည်းလမ်း တကျနဲ့ လက်ခံ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရပါမယ်လို့ မြန်မာစစ်အစိုးရက ပြောတာကို ကျနော်တို့ ကြားခဲ့ရပြီးပါပြီ။ ဒါကြောင့် အဲဒီအတိုင်း ဖြစ်တာကို ကျနော်တို့ မြင်ချင်ပါတယ်။”

အစည်းအဝေးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခဲ့ကြပုံတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တကယ့်ကို ရှင်းလင်းပြီး သူ့ကို လွှတ်ပေးသင့်တယ်ဆိုတာ သိသာပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ့် ကာလ ကန့်သတ်ချက်ကို တိတိကျကျ ပြောထားပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာတော့ ခုချိန်ထိ တိတိကျကျ မကြေညာသေးပါဘူး။ ဒါ့ကြောင့်လဲ ဒီကိစ္စဟာ အများက စိတ်ဝင်တစား ရှိနေကြတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရှောင်လွှဲပြီး ဖြေသွားခဲ့ပါတယ်။

“ဒီကိစ္စက ရွေးကောက်ပွဲ ကော်မရှင်ပေါ်မှာ မူတည်ပါတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ကြီး သက်သက်ပါ။ ရွေးကောက်ပွဲရက်ကို ကျနော်ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

အာဆီယံ အစည်းအဝေးတွေ ကျင်းပတိုင်းမှာ မြန်မာနိုင်ငံ အရေးကိစ္စဟာ အမြဲတမ်း အသံ ကျယ်ကျယ်လောင်လောင် ကြားရလေ့ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကနေ မကြာခဏ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ဖူးတာလည်း ရှိပါတယ်။

ကုလသမဂ္ဂနဲ့ တခြား အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ အနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်း ပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အာဆီယံအဖွဲ့ ကိုယ်နှိုက်ကတော့ သူတို့ဟာ မြန်မာ့ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ တရားဝင်ရော၊ အလွတ်သဘောပါ အကြိမ်ကြိမ် ပြောထားဖူးပါတယ်။

မိမိတို့ဟာ မြန်မာနိုင်ငံကို အပြစ်ပေး ဒဏ်ခတ်နိုင်တဲ့ အနေအထားမှာ မရှိကြောင်း၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံနေတယ်ဆိုရင် မိမိတို့လည်း ဆက်ဆံရမှာပဲ ဖြစ်ကြောင်း အစည်းအဝေး ပထမနေ့ အပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ် ယို (George Yeo) က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG