သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာစစ်ဝါဒီ နဲ့ အင်ဒိုနီးရှား ဒီမိုကရေစီ


စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ တရားမျှတမှုမရှိတာကို အင်ဒိုနီးရှား (Indonesia) အစိုးရက ထောက်ပြသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က တိုက်တွန်းလိုက်ပြီး မကြာမီ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အများမျှော်လင့်သလို ရွေးကောက်ပွဲကို မြန်မာပြည်သွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အများမျှော်လင့်သလို ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာမျိုးမလုပ်ပဲ သံတမန်ပီပီ မယုတ်မလွန် ပြောသွားပါတယ်။ ဒါပေမဲ့ ဗမာဝန်ကြီးချုပ် လွန်ခဲ့တဲ့နှစ် မတ်လက ဂျကားတား (Jakata) ကို သွားတုန်းကတော့ နိုင်ငံရေးပါတီအားလုံးပါဝင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီဖို့ အလွန်အရေးကြီးကြောင်း အင်ဒိုနီးရှားသမ္မတက ပြောပြီးသားဖြစ်ပါတယ်။

ဗမာစစ်အစိုးရ စံနမှုနာထားတဲ့ အာဆီယံနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်ချုပ်တွေ ပုံတူကူးချဖို့ စိတ်ကူးထားတာ ဆူဟာတို (Suharto) အာဏာရှင်စနစ် ဖြစ်ပါတယ်။ စစ်ဝတ်စုံချွတ်ပြီး သမ္မတအဖြစ် နှစ်ပေါင်းးများစွာ အာဏာရှင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတိုဟာ ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ စံပြပုဂ္ဂိုလ်ပါ။ ၁၉၉၅ ဇွန်လမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ က ဆူဟာတို ကို သွားရောက်ဂါဝရပြုပြီး ဆူဟာတို ကိုယ်တိုင် ၁၉၉၇ ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကိုသွားခဲ့တဲ့အတွက် မြန်မာနဲ့ အင်ဒိုနီးရှားကို အသွင်တူတဲ့ နိုင်ငံတွေအဖြစ် ဗမာစစ်အစိုးရ စာနယ်ဇင်းတွေက အမွှန်းတင်ခဲ့ကြပါတယ်။ အင်ဒိုနီးရှား အခြေခံဥပဒေကို အသေးစိတ် လေ့လာနိုင်အောင် မြန်မာလိုဘာသာပြန်ပြီး ထုတ်ဝေလိုက်ပါသေးတယ်။

၁၉၈၈ ပြည်သူ့အုံကြွမှုကြောင့် မဆလ တပါတီ အာဏာရှင်စနစ်ကို စွန့်လွှတ်လိုက်ရတဲ့ ဗမာဗိုလ်ချုပ်တွေဟာ အနှစ် (၂၀) ကျော် စစ်အာဏာရှင်စနစ် ကျင့်သုံးပြီးတဲ့အခါမှာ ၁၉၉၈ မှာ နိဂုံးချုပ်သွားတဲ့ အင်ဒိုနီးရှားက ဆူဟာတို စစ်အာဏာရှင်စနစ်ကို ပုံတူကူးချဖို့ ကြိုးပမ်းနေပါတယ်။ ဗမာစစ်အစိုးရ ပြဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်ဗိုလ်ကို တရားဝင်နိုင်ငံရေး လုပ်ပိုင်ခွင့်ပေးတဲ့ ဆူဟာတိုရဲ့ ဒွိဖန်ဆီ (Dwifungsi - the Dual Function) သဘောတရားနဲ့ အတူတူပဲလို့ သုံးသပ်ကြပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေးမှာ လုပ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး စီးပွားရေးလည်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့် (၂) ခုကို ဥပဒေပြုပြီး ပြဌာန်းတာဟာ ဆူဟာတို လမ်းစဉ်ဖြစ်ပါတယ်။

ဆူဟာတိုရဲ့ ဒွိဖန်ဆီစနစ် ကျင့်သုံးတဲ့ အနှစ် (၃၀) ကျော်ကာလ အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား ပြောင်းလဲလာပါတယ်။ ဆူဟာတို စနစ် နိဂုံးချုပ်တဲ့ ၁၉၉၈ ရောက်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅၀၀) မှာ စစ်ဗိုလ် (၇၅) ဦးပဲ ရှိပါတော့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၉၉ မှာ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာပါတယ်။ နောက်ပိုင်းကျင်းပတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ကိုယ်စားလှယ်များ မပါတော့ပါဘူး။

စစ်ရေး နိုင်ငံရေး စီးပွားရေးမှာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့မူဟာ ဆူဟာတို အာဏာရှင်စနစ်ရဲ့ ကျောရိုးဖြစ်လာပါတယ်။ ဒီသဘောတရားကို အမျိုးသားရေးဝါဒအဖြစ် အသုံးပြုပြီး တိုင်းပြည်နေရာအနှံအပြားမှာ စစ်မှုထမ်းတွေ ဝင်ရောက်စွက်ဖက်ကြပါတယ်။ စစ်တပ်ရဲ့ စွက်ဖက်မှုကြောင့် တပြည်လုံး ချွတ်ခြုံကျရတယ်လို့ အင်ဒိုနီးရှား ဗိုလ်ချုပ်တွေကလည်း ယုံကြည်လာတဲ့အတွက် ဆူဟာတိုရဲ့ ဒွိဖန်ဆီစနစ် နိဂုံးချုပ်သွားရပါတယ်။ ဒါတောင် နယ်ဘက်မှာ စစ်တပ်စွက်ဖက်မှုတွေ ရှိနေပါသေးတယ်။

စစ်မှုရေးရာ အသိဉာဏ်ပညာရှိတဲ့ အရပ်သားကသာ ကာကွယ်ရေးဌာနက ထိပ်ပိုင်းရာထူးတွေကို ရယူသင့်တယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ စီးပွားရေးလုပ်နေတဲ့ စစ်တပ်ဟာ စစ်မှုရေးရာမှာ အားနည်းတယ်ဆိုတာကို တရုတ်နဲ့ ထိုင်းနိုင်ငံမှာ နားလည်နေကြပါပြီ။ ဒါပေမဲ့ အင်ဒိုနီးရှားမှာတော့ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပတာ (၃) ကြိမ် ရှိပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ အခန်းကဏ္ဍ ရှိနေသေးပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု နည်းပါးလာအောင် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်သိသိနဲ့ သိသာမြင်သာအောင် လုပ်ဖို့သာ လောလောဆယ်မှာ ကြိုးပမ်းနေပါတယ်။

ထူးခြားချက်ကတော့ စစ်သင်တန်းတွေမှာ လူ့အခွင့်အရေးနဲ့ ပြည်သူ့ဆက်ဆံရေး သင်ကြားပေးပြီး အင်ဒိုနီးရှားစစ်တပ် သိက္ခာတက်လာအောင် ကြိုးပမ်းတာပဲ ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် စစ်တပ်ကို ပြုပြင်တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ စစ်တပ်ဟာ ပထမဦးစားပေး ဖြစ်နေတုန်းပါ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ မတ်လ (၂၇) ရက်နေ့ မိန့်ခွန်းမှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" လို့ ပြောသွားတာ စိတ်ဝင်စားစရာပါ။ စစ်တပ်နဲ့ နေပြည်တော် အင်အားရှိဖို့က ပထမဦးစားပေးဖြစ်ပြီး တိုင်းပြည်က ဒုတိယ ဖြစ်နေပါတယ်။

စည်းမျဉ်းဥပဒေကို စိတ်ကြိုက်ပြဌာန်းပြီး အဆက်အသွယ်၊ အသိအကျွမ်း နဲ့ အာဏာပါဝါကိုသာ ဦးစားပေးတာ ဆူဟာတို စနစ်ဖြစ်ပါတယ်။ နေရာတကာ အာဏာရှင်က ဆုံးဖြတ်နေတာမို့ ပြည်သူ့လွှတ်တော်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။ စစ်တပ်နဲ့ အစိုးရအဖွဲ့ဟာ အာဏာရှင်ခိုင်းတာကို လုပ်နေတာမို့ လွှတ်တော်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ စစ်တပ်နဲ့ အစိုးရအဖွဲ့ဟာ အာဏာရှင်ခိုင်းတာကို လုပ်နေတာမို့ အမှားအမှန်ကို သိနိုင်စွမ်း မရှိကြပါဘူး။ အခုခေတ် မြန်မာပြည်ဟာ ဆူဟာတို ခေတ်နဲ့ အလွန်တူပါတယ်။

ကျွန်းကြီးကျွန်းငယ်ပေါင်း (၁၇,၀၀၀) ကျော်ရှိပြီး ဘာသာစကား ကွဲပြားတဲ့ မျိုးနွယ်စု (၃၀၀) ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ စစ်ဗိုလ်တွေ နိုင်ငံရေးက နုတ်ထွက်ပြီး စစ်တပ်သိက္ခာတက်အောင် ကြိုးပမ်းနေတာဟာ ဗမာစစ်ဗိုလ်တွေအတွက် သင်္ခန်းစာယူစရာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG