သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းပိုက်ထားတဲ့ ရုပ်မြင်သံကြားဌာနက ထိုင်းဆန္ဒပြသူတွေ ဆုတ်ခွာ


ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေနဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို လူစုခွဲခဲ့ ပြီးတဲ့နောက် အတိုက်အခံ ရုပ်မြင်သံကြားဌာန ၀န်းထဲကနေ ဆန္ဒပြသူတွေ ပြန်လည် ဆုတ်ခွာသွားခဲ့ကြပါတယ်။ သီတင်းပတ် အတော်ကြာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ဘန်ကောက်မြို့ ပြင်က People Channel ပြည်သူ့ ရုပ်သံဌာန ၀န်းထဲကို ဆန္ဒပြသူတွေက ဒီကနေ့ စီးနင်း ၀င်ရောက်ခဲ့တာပါ။

ဘန်ကောက်မြို့ မြောက်ဖက်က Pathum Thani အရပ်မှာရှိတဲ့ ရုပ်မြင်သံကြားဌာန ၀န်းထဲကို အင်္ကျီအနီဝတ် ဆန္ဒပြသမားတွေ ၀င်ရောက်ခဲ့ရာက လုံခြုံရေးတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာလည်း ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ ဒီရုပ်မြင်သံကြားဌာနကို ပြန်လည် ဖွင့်လှစ်ပေးအောင် တောင်းဆိုဖို့အတွက် ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ စုဝေးရောက်ရှိ လာခဲ့ကြတာပါ။

ဗုဒ္ဓဟူးနေ့တုန်းက ထိုင်းလွှတ်တော်အမတ်တွေ ထွက်ပြေးရတဲ့အထိ လွှတ်တော်ကို ဆန္ဒပြသူတွေက ၀င်ရောက် စီးနင်းမှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ၀န်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က အရေးပေါ် အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်မြို့မှာရှိတဲ့ စီးပွားရေး အချက်အခြာနေရာကို သိမ်းပိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အင်္ကျီအနီဝတ်ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် အနည်းဆုံး ၁၇ ယောက်ကို ဖမ်းဆီးဖို့ အတွက်လည်း အာဏာပိုင်တွေက ၀ရမ်းအမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG