သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အဲန်အယ်လ်ဒီ တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့က အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေနဲ့ ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅)၊ (၅၄) တွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရန်ကုန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပေမဲ့ တာဝန်ရှိသူတွေက အမှုကို လက်မခံတဲ့အတွက် ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

"လက်မခံလို့ရှိရင် လက်မခံတဲ့အကြောင်းကို အကြောင်းပြရမယ်လေ။ အဲဒီအကြောင်းပြချက်မပါဘဲနဲ့ လက်မခံဘူးဆိုတာ မမှန်ကန်ဘူး။ ဘာကြောင့် လက်မခံဘူးဆိုတာ အကြောင်းပြချက် ပါရမယ်။ ဒီလို ပါးစပ်နဲ့ လက်မခံဘူးဆိုပြီး ပြန်ပေးလို့ မရဘူး။ သူတို့က အခု စာရွက်ကိုယူတယ်။ သက်ဆိုင်ရာ အကြီးအကဲတွေဆီ ပို့တယ်။ အပေါ်ကနေ လက်မခံတဲ့အပေါ် စာရွက်ကို ဒီအတိုင်း ပြန်ပေးလိုက်တာပေါ့။ ဆိုတော့ ကျနော်တို့က မေးတယ်။ ကောင်းပြီ၊ လက်မခံရင် လက်ခံတဲ့ရုံးကို ဘယ်လိုပြောပြီး သွားပေးရမလဲဆိုတော့လည်း ကျမတို့မှာ ကျနော်တို့မှာ ပြောခွင့်မရှိဘူးတဲ့။ ဆိုတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်စရာရှိတာကတော့ လက်မခံတဲ့အကြောင်း ပြရမယ်လေ။ ကျနော်တို့ပြောတာက high court ကို၊ တရားရုံးချုပ်ကို ပြောတာကိုး။ အဲတော့ အဲဒါ မပြဘူးဆိုရင် ဒါ မဟုတ်ဘူးပေါ့။ ဒါကို ကျနော်တို့က စောဒကတက်ပြီးတော့ ကန့်ကွက်တာပေါ့ဗျာ။ အရေးယူတာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘာများ ထပ်ပြီးပြောတာမျိုးရှိပါသေးလဲ။ -

အခုလောလောဆယ်တော့ အချက်အလက်တွေေတော့ ဥပဒေကြောင်းခြင်းရာအရ ဘယ်လို အချက်အလက်တွေ အရေးယူရင်ကောင်းမလဲ၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာလည်း အသိအမှတ်ပြုခြင်း မရှိတဲ့အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာကို သင်္ကြန်ရက်အတောအတွင်းမှာ ကျနော်တို့ ညှိနှိုင်းပြီး လုပ်ကြမှာပဲလေ။"

အမှုကို လက်မခံတဲ့အတွက် အဲန်အယ်လ်ဒီအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ မကျေနပ်ကြောင်း တရားသူကြီးချုပ်ဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုလို ဥပဒေပြဌာန်းချက်နဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်နေတာမို့ အနာဂတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်နေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ (AHRC) က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ တရားမမှုတွေကို စတင်လက်ခံရတဲ့ တရားရုံးဝန်ထမ်းတွေ အနေနဲ့ ဒီအမှုက အမှုဖြစ်အကြောင်းအရာ ပေါ်ပေါက်ခြင်း ရှိမရှိ၊ ကာလအကန့်အသတ် ကျော်လွန်ခြင်း ရှိမရှိ၊ အမှုတန်ဖိုးနဲ့အညီ တံဆိပ်ခေါင်းအခွံ ကပ်ထားခြင်း ရှိမရှိ စတဲ့အချက်အလက်တွေကို စစ်ဆေးပြီးတော့ အမှုကို လက်ခံရမှာဖြစ်တယ်။ တကယ်လို့ ငြင်းပယ်မယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့ကနေပြီးတော့ ဘာကြောင့် ငြင်းပယ်တယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ ငြင်းပယ်ရမှာဖြစ်တယ်။ လက်ခံရင်လည်း ဘာအချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ လက်ခံတယ်ဆိုတာကို အမှုတင်တဲ့ တရားလိုကို အသိပေး အကြောင်းကြားရမှာဖြစ်တယ်။ သို့သော်လည်း ယခု အဲန်အယ်လ်ဒီကနေပြီးတော့ တင်သွင်းတဲ့လျှောက်လွှာအပေါ်မှာ လက်ခံခြင်းမရှိဘဲနဲ့ စီရင်ပိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် ပြန်ပေးလိုက်တဲ့ကိစ္စက ကျနော်တို့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ တရားရုံးများ လက်စွဲပါ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အလွယ်တကူ စီမံဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် လွန်စွာမှပင် ရင်လေးစရာ ကောင်းတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယနေ့ ထုတ်ဖော်ပြီးတော့ ပြောကြားရခြင်းဖြစ်ပါတယ်။"

ရွေးကောက်ပွဲ မကျင်းပမီမှာပဲ ဒီလို တရားရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ကြုံနေရတဲ့အပြင် အခု ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေတွေထဲမှာလည်း တရားရေးမူအရ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကိုသာ စစ်ဆေးစီမံခွင့် အပြည့်အ၀ ပေးထားတာမို့ ဒီကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

"အခုကျင်းပမယ့်ရွေးကောက်ပွဲက တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ စစ်ဆေးစီမံဆောင်ရွက်နိုင်တဲ့ ကော်မရှင်ရဲ့ လက်အောက်ကသာ နိုင်ငံရေးပါတီတွေအနေနဲ့ ဆက်လက်ပြီးတော့ သွားရမယ်ဆိုလို့ရှိရင် ဒါက မျှတတဲ့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုတာကို ကျနော်တို့ အတိအလင်း ပြောနိုင်တယ်။ ဒီကော်မရှင်က ကန့်သတ်တဲ့နည်းဥပဒတွေအောက်မှာ နိုင်ငံရေးပါတီတွေက အသင်းအပင်းဖွဲ့စည်းတာတွေ၊ အသင်းဝင် လက်ခံတာတွေ လုပ်ရမယ်ဆိုတဲ့ကိစ္စကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ခွင့်တွေ၊ ကော်မရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အကန့်အသတ် အတားအဆီးတွေ အများကြီး ရှိနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ပြောရခြင်းဖြစ်တယ်။"

အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG