သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဆုံးဖြတ်ချက်အပေါ် ဒေါက်တာဇာနည်ရဲ့ အမြင်သုံးသပ်ချက်


မျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေ နဲ့ ပါတီမှတ်ပုံတင်ဥပဒေအောက်မှာ ပါတီအဖြစ် မှတ်ပုံမတင်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တဲ့အတွက် မှတ်ပုံတင်ဖို့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေလ (၇) ရက်နေ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာတော့မယ် ဆိုတာဟာ အဓိက မေးခွန်းတခုဖြစ်နေပါတယ်။ အန်အယ်လ်ဒီရဲ့ ဗဟိုကော်မတီတချို့က ရှေ့ဆက်ရပ်တည်ရေးအတွက် ပါတီ ခွဲထောင်ဖို့ အဆင့်အထိ ပြောဆိုမှုတွေရှိနေတာကို သတင်းတွေကြားနေရပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန် စီးပွားရေးနဲ့ လူမှု့ရေးသိပ္ပံတက္ကသိုလ် (London School of Economics) မှ မြန်မာ့အရေး သုတေသီတဦးဖြစ်တဲ့ ဒေါက်တာဇာနည် ကတော့ အန်အယ်လ်ဒီ အရေးကို မြန်မာစစ်အစိုးရက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ယတိပြတ်ပြောလို့ မရသေးပါဘူးလို့ ဆိုပါတယ်။

ဒေါက်တာဇာနည်။ ။ သူတို့ ဘာလုပ်မယ်ဆိုတာတော့ ခန့်မှန်းရခက်တာပေါ့။ ခြိမ်းတော့ခြိမ်းခြောက်ထားတာပေါ့။ သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် မေလ (၇) ရက်နေ့မှာ အန်အယ်လ်ဒီ က ပြန်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုရင် မတရား အသင်း သူတို့ကြေညာရမှာပဲ။ မကြေညာခဲ့ရင်တော့ သူတို့ဥပဒေကို သူတို့ မလေးစားလို့ပေါ့။ ဒါပေမဲ့ သူတို့ကလည်း ဒီလူတွေ၊ ထိပ်ကလုပ်နေတဲ့ မောင်တွေက မှောက်ချည်လှန်ချည် မလိုရင် မလိုသလိုလုပ်နေတာ။ အဲဒီတော့ ဘယ်လိုဖြစ်မယ် ဆိုတာကို ပြောရတာတော့ ခက်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်မေးတဲ့အကြောင်းရင်းကတော့ ဘာလဲဆိုတော့ လောလောဆယ်အားဖြင့် မြန်မာ စစ်အစိုးရနဲ့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကြားမှာ ညှိနှိုင်းနေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကိစ္စ၊ အဲဒီလို ကိစ္စမျိုးတွေမှာ သတ်မှတ်ရက်တွေ ကျော်လွန်သွားတာ အကြိမ်ကြိမ်ဖြစ်နေပြီ။ တခြားကိစ္စတခုက ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဗမာပြည်အတွင်းမှာ ကြေညာခဲ့တဲ့ ဂြိုလ်တုစလောင်း လိုင်စင်ကြေးတွေ ပေးဖို့ကိစ္စ အမိန့်စာတွေနဲ့ ပတ်သက်လို့ရှိရင် သတ်မှတ်ချိန်တွေ ကျော်လွန်သွားတယ်၊ ချမှတ်ထားတဲ့အမိန့်တွေ၊ ဥပဒေတွေရှိတယ်ဆိုပေမဲ့ ချက်ချင်းအကောင်အထည် မဖော်ဘဲနဲ့ မျောနေတဲ့ ဖြစ်ရပ်တွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီတော့ လောလောဆယ်အားဖြင့် ဆိုလို့ရှိရင် သူတို့အနေနဲ့ ကြည့်လိုက်ရင် အန်အယ်လ်ဒီ ကလည်း စီအီးစီထဲမှာ နှစ်ခြမ်းကွဲသွားပြီ။ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနဲ့ ပတ်သက်လို့။ အဲဒီတော့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အငြိုအငြင်ကို ခံပြီးတော့ အန်အယ်လ်ဒီ ပါတီကို မတရားအသင်း ကြေညာရဲမယ့်သဘော ရှိပါ့မလားဆိုတာကို ကျနော်တို့ စမ်းစစ်ချင်လို့ပါ။ ကိုဇာနည့်အနေနဲ့ ဒါကို ဘယ်လိုသဘောရပါသလဲ။

ဒေါက်တာဇာနည် ။ ။ ကျနော်အနေနဲ့ ပြောရရင် ဗမာပြည်မှာက နှစ်ချက်ပေါ့။ တချက်ကတော့ ဒီ ဥပဒေဆိုတာက မျှော့ကြိုးလိုပါ။ ကိုယ်လိုရင်လိုသလို ဆွဲပြီးတော့ သုံးတာ။ ဥပဒေကို တရားမျှတတဲ့ သမာသမတ်ဖြစ်တဲ့ စံနှုန်းမျိုး သူတို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဦးနေဝင်း မဆလ လက်ထက်ကလည်း ဒီအတိုင်းပဲ။ ကျူရှင်တွေ ဖွင့်တယ်ဆိုရင် ဘယ်ကျူရှင် ကမှ တရားဝင်ဖွင့်ခွင့်ရှိတာ မဟုတ်ဘူး။ တရားမဝင်တဲ့ ကျူရှင်တွေပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မဆလ လူကြီး သားသမီး တွေက စပြီးတော့ အိမ်မှာခေါ်သင်၊ တက္ကသိုလ်က ဆရာတွေခေါ်သင်တဲ့အခါကျတော့ ဥပဒေကို သူတို့ လုပ်ချင်သလို လုပ်ကြတာပဲ။ နိုင်ငံရေးအရ မျက်စိထဲကြည့်မရတဲ့ အချိန်ကျမှ ခေါ်ပြီးတော့ ဒီဥပဒေသုံးတာပဲ။ နောက်တခုက အခုန ကိုသန်းလွင်ထွန်း ပြောတဲ့ ငြိမ်းအဖွဲ့တွေ။ ဒီငြိမ်းအဖွဲ့တွေကို ဘယ်နေ့မှာ border guard forces အဖွဲ့ကို လက်ခံရမယ် ဆိုတာ ရာဇသံပေးနေတာ ဘယ်နှစ်လ ရှိနေပြီလဲ။ အနည်းဆုံး လေးလလောက်ရှိပြီ။ အခု ဧပြီလ ရောက်ပြီ ခရစ်စမတ် မတိုင်ခင်ကဆိုတော့။ ဒုတိယအချက်က ဘာလဲဆိုတော့ ဒီဥပဒေကို မျှော့ကြိုးနဲ့ လုပ်တာ မကဘူး။ ပါးစပ်က ပြောချင်တာ ပြောပြီး လက်က လုပ်ချင်ရာ လုပ်နေမှာ။ အဲဒီတော့ နိုင်ငံတကာက ငြိုငြင်တာကို ခံပြီးတော့ လုပ်မလား။ ဒီလူတွေက ဆယ့်ရှစ်ရာစု၊ ဆယ့်ကိုးရာစု အမြင်နဲ့ နှစ်ဆယ့်တစ်ရာစုမှာ တိုင်းပြည်ကို ဆက်ပြီး ဗိုလ်ကျနေတဲ့ လူတွေ ဆိုတော့ လက်ရှိ ကမ္ဘာကြီးမှာ ဘာဖြစ်နေတယ်၊ လက်ရှိကမ္ဘာကြီးကို သူတို့ ဘယ်လိုသုံးသပ်တယ်၊ လက်ရှိကမ္ဘာမှာ စံနှုန်းတွေ ဘယ်လို ပြောင်းလဲသွားသလဲဆိုတာကို ဒီလူတွေ သိပုံမရပါဘူး။ ကျနော်ထင်တယ် မင်းတုန်းမင်း ခေတ်မတိုင်ခင် အမြင်မျိုးနဲ့ တက်ပြီးအုပ်ချုပ်နေတဲ့ မောင်တွေဆိုတော့ သူတို့ဘာလုပ်မယ်ဆိုတာ ပြောလို့မရဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ် ကျနော် စောစောတုန်းက မေးခွန်းထဲမှာလည်း ပါပါတယ်။ ကျနော်တို့ မြင်နေရတဲ့ အမြင်အရ အန်အယ်လ်ဒီ ကို ဆက်ပြီး မှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်ပြီးတော့ အနည်းဆုံးအားဖြင့် စီအီစီထဲမှာ မှတ်ပုံတင်ချင်တဲ့လူအဖွဲ့ နဲ့ မတင်ချင်တဲ့လူတွေ သဘောထားကွဲလွဲသွားတယ်ဆိုတာလည်း နောက်ပိုင်း ထုတ်ပြန်ချက်တွေအရ သိခဲ့ရတယ်။ ဒါပေမဲ့ တကယ်တမ်း အန်အယ်လ်ဒီ က ကြေညာခဲ့တဲ့အချိန်တုန်းကတော့ မှတ်ပုံမတင်ဖို့ အားလုံးသဘောတူညီချက်နဲ့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတဲ့ ကြေညာချက်ထွက်တယ်။ အဲဒီ ကြေညာချက် ထုတ်ပြီးနောက်ပိုင်းမှာက ဒီအယူအဆက မှားတယ်၊ မမှန်ဘူး။ ဒါ့အပြင် နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထွက်ပြီးတော့ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ပြောနေဆွေးနွေးနေတဲ့ အသံတွေလည်း ကြားနေရတယ်ဆိုတော့။ ဒါတွေနဲ့ ပတ်သက်လို့ ပြင်ပကနေ လေ့လာသုံးသပ်နေသူတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာဇာနည် ။ ။ နံပတ်တစ်ကတော့ အများစုရဲ့ ဆုံးဖြတ်ချက်အရ အန်အယ်လ်ဒီ က တညီတညွတ်တည်း မတရားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံလို့၊ နောက်တခါ မတရားတဲ့ ရွေးကောက်ပွဲဥပဒေကို ဘယ်လိုမှ လက်မခံနိုင်လို့ ဒါတွေကို ရှင်းရှင်းပြောရရင် မတရားတဲ့ အာဏာ နဲ့ မတရားတဲ့ ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာကို တညီတညွတ်တည်း ပြလိုက်တာပါ။ အဲဒီဟာမှာ ဒီမိုကရေစီနိုင်ငံတွေမှာဆိုလို့ရှိရင် ကိုယ့်ပါတီရဲ့ ခေါင်းဆောင်မှုကဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင် ပါတီတရပ်လုံးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက အများစုကနေ ဒီလို ကကြီးလမ်းကို လျှောက်မယ်ဆိုရင် သဘောမတူပေမဲ့လည်း မဲခွဲပြီးရင် ကကြီးလမ်းမှာ လျှောက်မယ်ဆိုတာ အများနဲ့ပဲ ကကြီးလမ်းမှာ လျှောက်ရမယ်။ အများစုက တည့်တည့်သွားတာကို ဘေးမှာထွက်ထိုင်တာတို့၊ ကဖျက်ယဖျက် လုပ်တာက လုပ်တဲ့လူ တွေက ဒီမိုကရေစီဆိုတာကို ဘာမှနားမလည်လို့ ဒီလူတွေကလုပ်တာ။ အဲဒီတော့ ကျနော်အနေနဲ့ ပြောရမယ် ဆိုရင် ဗြောင်ပြောမယ်ဗျာ။ ဦးခင်မောင်ဆွေ တို့ဘာတို့ဆိုရင် ဧရာဝတီထဲမှာ တက်ပြီးတော့ ရေးတယ်။ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှုတွေက ဘယ်လိုဖြစ်တယ်၊ ဘယ်ဝါဖြစ်တယ်... ဒါတွေက ရှင်းရှင်းပြောရရင် ဒီလူတွေက ဒီမိုကရေစီကို ထောင်ဘယ်လောက်နှစ်ကျကျ ဒီမိုကရေစီကို အခုအချိန်အထိ ဘာမှန်းမသိသေးတဲ့လူဆိုတော့ အဲဒီလူတွေ ပါတီ ထွက် ထောင်တာပဲဖြစ်ဖြစ်၊ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာပဲဖြစ်ဖြစ် ဒါ ဒီမိုကရေစီအနေနဲ့ ဘာမှ ဆုံးရှုံးစရာအကြောင်းမရှိဘူး။ အထူးသဖြင့်တော့ ဒီမိုကရေစီအစစ်အမှန် လိုလားတဲ့ အတိုက်အခံတွေနဲ့ပဲဖြစ်ဖြစ်၊ ပြည်သူများအနေနဲ့ပဲဖြစ်ဖြစ် ဒီလူတွေက အခုလို တက်လုပ်တယ်ဆိုတာ စိတ်တော့မကောင်းစရာပဲ။ ဒါပေမဲ့ ကျနော်အနေနဲ့ ပြောရရင် အန်အယ်လ်ဒီနဲ့ ကျနော်တို့ အတိုက်အခံ အင်အားစုတွေကြားထဲမှာ ဒါ လူသန့်တယ်လို့ ပြောနိုင်တယ်။ တကယ်တမ်း ပြောမယ်ဆိုရင် စိတ်မကောင်း စရာ ပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒီ (၂၉) ရက်မှာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေအားလုံး ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ အားလုံး တွေ့ကြတယ်၊ ဆုံကြတယ်။ အဲဒီအချိန်တုန်းက သဘောမတူဘူးဆိုရင် သဘောမတူဘူးဆိုတာကို ပြောပေါ့။ အဲဒီ အချိန် တုန်းကတော့ မပြောရဲဘဲနဲ့ အားလုံးက ငြိမ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာပဲဖြစ်ဖြစ် အများစုသဘောကို မလွန်ဆန်နိုင်ဘဲဖြစ်ဖြစ် ဘာမှမပြောဘဲနဲ့ ပြီးတော့မှ အစည်းအဝေးပြီးမှ ပွစိပွစိနဲ့ ပြောပြီးတော့ ကဖျက်ယဖျက် လုပ်တယ် ဆိုတာကတော့ ဒီလိုလူတွေက ပါလီမန်ထဲမှာ ဝင်ပြီးတော့ အမတ်ဖြစ်မယ်ဆိုရင်လည်း ဦးနေဝင်း ခေတ်တုန်းက ဦးနေဝင်း ပြည်သူလွှတ်တော်ထဲမှာ မိန့်ခွန်းပြောနေတဲ့အချိန်မှာ ကြောက်လွန်းလို့ တောင်ရှည်ပုဆိုးထဲမှာ ထိုင်ပြီးတော့ ကိုယ်ထိုင်တဲ့ နေရာမှာ သေးပေါက်တဲ့အဆင့်ပေါ့။ အဲဒီလို လူမျိုးတွေ နောက်ပေါ်လာမယ့် ပါလီမန်ထဲမှာ ပါလာမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က ဒီလိုလူမျိုးတွေက တိုင်းပြည်နဲ့ လူမျိုးအတွက် ထိပ်ကလုပ်တဲ့ စစ်ဗိုလ်တွေကို ရွပ်ရွပ်ချွံချွံ မှန်တာ ထောက်ပြ နိုင်တဲ့ အနေအထားမျိုး သတ္တိရှိမယ်လို့ ကျနော်ကတော့ မယုံကြည်နိုင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ။ ပြီးခဲ့တဲ့ (၂၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မဲခွဲစဉ်က အဲဒီလို မဲမခွဲခင် မှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ သဘောထားကို အရင် တင်ပြလိုက်တဲ့အတွက်ကြောင့်မို့ ကျန်တဲ့လူတွေ အနေနဲ့ ဒါက ပါတီအတွင်းမှာ မူဝါဒအရ မကွဲပြားချင်တဲ့အတွက်ကြောင့် နောက်ဆုတ်ပေးလိုက်ရတဲ့ သဘောမျိုးကိုလည်း အခု သိုးသိုးသန့်သန့် ပြောလာကြတာ ကြားရတယ်။ အဲဒီတော့ အခုနောက်ပိုင်းမှ ဒီဟာက ဒီလိုဆုံးဖြတ်လိုက်တာ မှန်ကန်ရဲ့လား ဆိုပြီး ဇဝေဇဝ ဖြစ်နေကြတဲ့ပုံစံမျိုးတွေလည်း ကြားနေရတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်လို့ရှိရင် ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့က ဒီကိစ္စက ပြန်လည်သုံးသပ်စရာ လိုတဲ့ ကိစ္စတရပ်လို့ မြင်သလား။

ဒေါက်တာဇာနည် ။ ။ ဒီဟာက ရှင်းရှင်းပြောရရင် ဒီမိုကရေစီနည်းလမ်းနဲ့ သူတို့ ဆုံးဖြတ်ထားပြီးကိစ္စ။ အဲဒါ နောက်တခုက အန်အယ်လ်ဒီထဲမှာ လုပ်နေတဲ့ ခေါင်းဆောင်တွေ အကုန်လုံးက ထောင်နှစ်ရှည်လများ အကျခံပြီး လုပ်တယ်။ မိသားစု တွေကို စွန့်ပြီးတော့ လုပ်ကြတယ်။ တပြားမှလည်း ဘယ်သူကမှ ထမင်းကျွေးတာ မဟုတ်ဘူး။ အိုးပစ်အိမ်ပစ်နဲ့ လုပ်ကြ တယ်။ သိက္ခာရှိတဲ့လူတွေ လုပ်တယ်။ နောက်တခုက လုပ်တဲ့နေရာမှာ တယောက်တည်းက ဆုံးဖြတ်သွားတာ မဟုတ်ဘူး။ ဒီမိုကရေစီနည်းနဲ့ လုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် က သူ့အမြင်ကိုပဲ သူပြောသွားတယ်။ သူပြောတာ ရှင်းရှင်းလေးရယ် ဒီပါတီက ကျမတယောက်တည်းပိုင်တဲ့ပါတီ၊ ကျမအမွေရထားတဲ့ပါတီ မဟုတ်ဘူး။ အများဆန္ဒနဲ့ လုပ်ပါလို့ ပြောခဲ့တယ်။ အဲဒီလို ပြောတဲ့အထဲက ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်အနေနဲ့ ပြောတယ်။ တခြားလူတွေလည်း ဆွေးနွေးလို့ ရတာပဲ။ ဆွေးနွေးလည်း ဆွေးနွေးကြတာပဲ။ ဒီပါတီ (၂၉) ရက်မတိုင်ခင်မှာလည်း ဆွေးနွေးကြတယ်။ နောက်တခုက အန်အယ်လ်ဒီ လူငယ်အဖွဲ့အစည်းတွေရှိတယ်။ လူငယ်အဖွဲ့အစည်းပိုင်းက အစောကြီးကတည်းက ရွပ်ရွပ်ချွံချွံ နိုင်ငံရေးကို အောက်ကနေပြီး အနှစ်နာခံ ထောင်ကျခံပြီးတော့ ဆက်လုပ်နေကြတယ်။ အဲဒီ လူငယ်အပိုင်းက constitution နဲ့ election ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ကြေညာထားခဲ့တယ်။ ကြေညာထားပြီးဆိုတာကို ဒေါ်အောင်ဆန်းစုကြည် တဦးတည်း မဟုတ်ဘူး။ အောက်ခြေမှာရှိတဲ့ အန်အယ်လ်ဒီ လူငယ်ထု နဲ့ လူလတ်ပိုင်းတွေက ဒါတွေကို လက်မခံနိုင်ဘူး။ အဲဒီတော့ ကျနော်ထင်တယ်.. ဒီအချိန်ကျမှ ဒါကို ပြန်ပြီး စဉ်းစားတယ်ဆိုတာ ဒီမိုကရေစီ နည်းလမ်းမကျဘူး။ နောက်တခုက ကျနော်ထင်တယ် သိက္ခာရှိတဲ့လူတွေက ထွေးပြီသာ တံတွေးကို ပြန်မမျိုဘူး။ နောက်တခုက လူထုအများစုကလည်း ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ အများစုက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်အားလုံးက လက်ခံတယ်။ ရွေးကောက်ပွဲလုပ်လို့လည်း ကျနော်တို့နိုင်ငံမှာ ထမင်းပိုပြီး စားရမှာလည်း မဟုတ်ဘူး၊ ဒီမိုကရေစီလည်း ရမှာမဟုတ်ဘူး။ ဒါကြီးက အားလုံးကို ယိုသူမရှက် မြင်သူရှက် လိမ်ပွဲကြီးပဲ။ လူတိုင်းသိနေတဲ့ ဟာကြီး။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရအနေနဲ့ကတော့ အခု အန်အယ်လ်ဒီ မပါဘူးဆိုရင်လည်း ရွေးကောက်ပွဲကို ဆက်ပြီး ကျင်းပမယ်ဆိုကြပါစို့။ အဲဒီအခါမှာ အန်အယ်လ်ဒီ မပါတော့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ လူထုက မဲပေးကြမယ် ဆိုလို့ရှိရင် အန်အယ်လ်ဒီ မပါတဲ့အတွက်ကြောင့် အခု အသစ်ဖွဲ့စည်းလာမယ့် တခြား ဒီမိုကရေစီရေး ကြွေးကြော်တဲ့ ပါတီအဖွဲ့အစည်းတွေအသစ်တွေ အနေနဲ့က ဒါ အခွင့်အလမ်းကောင်းတရပ်လို့ သူတို့အနေနဲ့ ယူဆနိုင်စရာအကြောင်း ရှိသလား။

ဒေါက်တာဇာနည်။ ။ ကျနော်ထင်တယ်။ အထဲမှာပေါ့ တတိယအုပ်စုတို့။ လူကြီးသားတွေ၊ သမီးတွေ အဖေနံမည်နဲ့ တက်လုပ်တဲ့ လူတွေအများကြီးပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင်း အနစ်နာခံပြီးတော့ တကမ္ဘာလုံးက သူရဲ့ ခေါင်းဆောင်မှုကို လေးစားတဲ့အဆင့်ရောက်အောင် သူကလည်း ကြိုးစားလုပ်တယ်ဆိုတော့။ ကျနော့်နိုင်ငံမှာ ကျနော်ကြည့်နေတာက ပွဲလန့်တဲ့အခါမှာ ဝင်ပြီးဖျာခင်းတဲ့လူတွေက အများကြီးပဲ။ အဲဒီအထဲမှာလည်း ကောင်းတဲ့ လူတွေလည်း ပါမှာပေ့ါ။ ဒါပေမဲ့ ကျနော်သိသလောက် တော်တော်များများကတော့ ပွဲလန့်တုန်းမှာ ဖျာခင်းကြတာ။ သိပ်လည်း ရှက်စရာ ကောင်းပါတယ်။ ဒီအကျင့်ဆိုးတွေကို ပြင်ဖို့လိုမယ်ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ပါတီတွေနဲ့ လူတွေခေါ်ခေါ်နေတဲ့ နိုင်ငံရေး space တို့ နိုင်ငံရေးနေရာရတာတို့။ Process တို့။ အဲဒါတွေက တကယ်တမ်းကျတော့ ဘယ်လိုပြောမလဲ.. ကျနော်တို့နိုင်ငံမှာက စစ်အာဏာရှင်စနစ်နဲ့ ဆက်ပြီးတော့ သွားနေတယ်။ အဲဒါကို ဦးနေဝင်း ခေတ်နဲ့ မတူတာက စစ်အာဏာရှင်စနစ်ကို သူတို့က အခြေခံဥပဒေနဲ့ တကမ္ဘာလုံးက လက်ခံအောင် သူတို့က လုပ်နေတယ်။ လုပ်နေတယ်ဆိုတော့ သမိုင်းအဆက်ဆက်မှာ အာဏာရှင်ဆိုတာက ရွေးကောက်ပွဲနဲ့ ဆင်းသွားတဲ့ အကောင်တကောင်မှ မရှိဘူး။ အဲဒီတော့ အဓိက အရေးကြီးတာက အန်အယ်လ်ဒီလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်လည်း မဟုတ်ဘူး၊ ပြည်သူပဲဗျ။ ပြည်သူဆိုတာ တပ်မတော်သားတွေလည်း ပါတယ်၊ လှည်းနေလှေအောင် မြင်းဇောင်းမကျန် လူပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ပါတယ်။ ဘယ်လိုအစိုးရမျိုးကို လိုချင်တာလဲ၊ ဘယ်လိုအစိုးရအောက်မှာ နေချင်တာလဲ၊ ဘယ်လို နိုင်ငံမျိုးကို ထူထောင်ချင်တာလဲ။ အဲဒါတွေက လူထုကိုယ်တိုင်က စဉ်းစားပြီး လူထုက တယောက်ချင်း ဝင်ပါမှရမှာ။ ဒါကို အခုလက်ရှိ ရွေးကောက်ပွဲအတုနဲ့တော့ ဘယ်မှရောက်မှမဟုတ်ဘူး။ ပြာပုံပဲ ဆက်ဖြစ်မှာပဲ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG