အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေကို ဌာနေ ပြည်သူ့စစ်အသွင် ပြောင်းလဲဖို့ ဧပြီလ ၂၂ ရက်နေ့မှာ အကြောင်းပြန်ဖို့ တိုက်တွန်းထားတဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီကတော့ သင်္ကြန်လွန်မှ ပါတီတွင်း ညှိနှိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်ပြီး တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့ အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်ထာဝရ၊ နိုင်တလညီ၊ ဗိုလ်မှူးကြီး လရီကောင်းတို့ဟာ ဧပြီလ ၇ ရက်နေ့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဗိုလ်ချုပ်ရဲမြင့်နဲ့ တွေ့တဲ့အခါမှာ မွန်ပြည်သစ်ပါတီ မွန်အမျိုးသား တပ်မတော်ကို ပြည်သူ့စစ်အဖြစ် ပြောင်းဖို့ ပြောတယ်။ ဧပြီလ ၂၂ ရက်နေ့မှာ အကြောင်းပြန်ဖို့ ပြောခဲ့တယ်။”
အဲဒီလို စစ်အစိုးရရဲ့ တောင်းဆိုမှုအပေါ်မှာ မွန်ပြည်သစ်ပါတီရဲ့ သဘောထားကရော၊ ဌာနေ ပြည်သူ့စစ်အသွင်ကို လက်ခံနိုင်ပါသလားခင်ဗျာ။
“ဒါက အများ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ သင်္ကြန်နဲ့နီးပြီး အစည်းအဝေးခေါ်ဖို့ မဖြစ်နိုင်သေးဘူး။ သင်္ကြန်လွန်ရင် အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ကြမှာပါ။ လာမယ့် အစည်းအဝေးက ဆုံးဖြတ်ပေးရမယ့် ကိစ္စပါ။”
မွန်ပြည်သစ်ပါတီ အနေနဲ့ စစ်အစိုးရ တိုက်တွန်းနေတဲ့ ဌာနေ ပြည်သူ့စစ်အသွင်ကို လက်ခံဖို့ အခက်အခဲရှိတယ်လို့ နိုင်ချေးမွန်က အခုလို ဆိုပါတယ်။
“အခက်အခဲတော့ ရှိသင့်သလောက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ပြည်သူ့အသံကို လျစ်လျူရှုလို့ မရသလို ၎င်းတို့ရဲ့ အသံကိုလည်း လေးစားရမှာပါ။”
ပြီးခဲ့တဲ့ ညီလာခံတုန်းက မွန်ပြည်သစ်ပါတီ အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကိုရော၊ ပြီးတော့ ဌာနေ ပြည်သူ့စစ် အသွင်ကိုရော လက်မခံဘူးဆိုတဲ့ ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်ဆိုရင် စစ်အစိုးရနဲ့ ထိပ်တိုက် ပဋိပက္ခ မဖြစ်နိုင်ဘူးလားခင်ဗျ။
“အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပဋိပက္ခ ဖြစ်ခဲ့တာ ကြာပြီ။ ဒါကြောင့်မို့လို့ ပဋိပက္ခကို တဆင့်ချင်း ဖြေရှင်းချင်လို့ အပစ်ရပ်ခဲ့ကြတာ။ ဆက်ပြီးတော့လည်း ကျနော်တို့ အချင်းချင်း ညှိလုပ်ကြဦးမှာပါ။”
မွန်ပြည်သစ်ပါတီ အင်အား အနေအထားနဲ့ ပတ်သက်လို့ အမျိုးမျိုး ပြောဆိုနေတဲ့အပေါ် နိုင်ချေးမွန်က အခုလို ပြောဆိုခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ကွန်ဂရက်မှာ ပါတီဝင် ၇ ဦးလျှင် တဦးကျ ရွေးချယ်ပြီး ကျနော်တို့ ညီလာခံကို ကိုယ်စားလှယ် ၁၁၅ ဦးနဲ့ လုပ်ခဲ့ပါတယ်။ ဒါကိုတွက်ယူပါ။ အခြား ပါတီဝင် မဖြစ်သေးတဲ့ ပုဂ္ဂိုလ်တွေ၊ တပ်ဘက် အုပ်ချုပ်ရေးဘက် ဌာနဆိုင်ရာတွေ စာရင်းကြည့်မှ သိမှာပါ။ ကျနော်တို့မှာက ပါတီဝင် တင်းပြည့်ဖြစ်ဖို့ လုပ်သက်ရော၊ အရည်အချင်း သတ်မှတ်ချက်တွေရော ပြည့်မီမှ ဖြစ်နိုင်တာပါ။”
မွန်ပြည်သစ်ပါတီရဲ့ ရှေ့ဆက် ရပ်တည်ရေးနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က အခုလို ပြောဆိုပါတယ်။
“ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ ကျနော်တို့ အချင်းချင်း အတူတကွ နေထိုင်သွားနိုင်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။”
စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီမှာ တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့အသွင် ပြောင်းလဲဖို့ ဖိအားပေးနေပေမဲ့ မွန်ပြည်သစ် အပါအဝင် အခြားသော အဖွဲ့တွေကလည်း လက်မခံနိုင်ဘဲ ဖြစ်နေကြတာပါ။
ဒီလိုပဲ မွန်တိုင်းရင်းသား ကိုယ်စားပြု ပါတီတရပ် ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ မွန် ဒီမိုကရက်တစ် ပါတီကလည်း ရွေးကောက်ပွဲအတွက် နိုင်ငံရေး မှတ်ပုံမတင်ဖို့ မကြာသေးခင်တုန်းကပဲ ဆွေးနွေး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။