သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ အိန္ဒိယထံ စစ်ရေး အကူအညီတောင်း


မြန်မာပြည်ဘက်ကနေ အိန္ဒိယ အစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပူးပေါင်းနှိမ်နင်းရေးမှာ အိန္ဒိယ အစိုးရဘက်က စစ်ရေးအရ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုတဲ့အကြောင်း မြန်မာ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ ဒီလဆန်းပိုင်းကလည်း မြန်မာစစ်အစိုးရဘက်က စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံချိန် ဒီကိစ္စကို ဆွေးနွေးကြတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်ဘက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ခိုလှုံနေပြီး အိန္ဒိယ အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့အတွက် စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ မြန်မာဘက်က တောင်းဆိုခဲ့ပြီး အိန္ဒိယ အစိုးရကလည်း သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် ဒေသက နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဘီးန်စတက်ရဲ့ ကုန်းတွင်းပိတ်မှ ကုန်တွင်းဆက်သွယ်မှု ဆိုတဲ့ နိုင်ငံတကာ ညီလာခံအတွင်း မြန်မာသံအမတ်ကြီး ဦးကြည်သိန်းက အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ အစိုးရဘက်က ဒီ စစ်ဘက်ဆိုင်ရာ အကူအညီတွေကို ပေးအပ်တာနဲ့ တပြိုင်တည်း လက်နက်ကိုင် သူပုန်အဖွဲ့တွေအပေါ် စစ်ဆင်ရေးကိုလည်း မြန်မာဘက်က စတင်မှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လို့ ဘယ်လို စစ်ဘက်ဆိုင်ရာ အကူအညီမျိုးတွေကို မြန်မာဘက်က တောင်းဆိုခဲ့တာလဲ ဆိုတဲ့ အသေးစိတ် အချက်ကိုတော့ သံအမတ်ကြီးက မပြောခဲ့ပါဘူး။

အိန္ဒိယအခြေစိုက် NCGUB အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ …

“ဒီ စစ်ရေးအကူအညီက ဆက်တောင်းနေတယ်လို့ပဲ ပြောရမှာ။ အရင်ကလည်း တောင်းခဲ့တယ်၊ အိန္ဒိယကလည်း ပေးခဲ့တယ်။ သင်တန်းအပိုင်းလည်း ရှိသလို စစ်လက်နက်ပစ္စည်း အပိုင်းတွေလည်း အများကြီး ကူပါတယ်။ အမြောက်တွေရော၊ အဝေးပစ် လက်နက်တွေရော။ အထူးသဖြင့် ထရပ်ကားတွေပေါ့၊ စစ်ရေး ထရပ်ကားတွေ အမြောက်အမြား အိန္ဒိယဘက်က နယ်စပ်ကနေ ကျော်ပြီးတော့ ထရပ်ကားကြီးတွေ ရာနဲ့ချီပြီး ပို့ခဲ့ပြီးသား ဖြစ်ပါတယ်။ အခုလည်းပဲ သူတို့ ဘာဆက်တောင်းတယ် ဆိုတာတော့ သတင်းက မဖော်ဘူးပေါ့လေ။ ကျနော်ပြောချင်တာကတော့ တောင်းနေခဲ့တယ်၊ ပေးလည်း ပေးခဲ့တယ်၊ ဆက်တောင်းနေတယ် ဆိုတဲ့ သဘောပါပဲ။”

ဒီလဆန်းပိုင်းကပဲ မြန်မာစစ်အစိုးရဘက်က စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနက ထိပ်တန်းအရာရှိတွေ တွေ့ဆုံခဲ့ကြပြီး အိန္ဒိယ အစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ပူးပေါင်း နှိမ်နင်းရေး ဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာသံအမတ်ကြီး ဦးကြည်သိန်းက အခုလို ပြောဆိုတာလည်း ဖြစ်ပါတယ်။ အခုလို အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့ ၁၀ ဖွဲ့ကျော်လောက်က မြန်မာပြည်ဘက်ခြမ်းမှာ ရှိနေတာဖြစ်ပြီး သူတို့က မဏိပူပြည်နယ်၊ နာဂပြည်နယ်နဲ့ အာသံပြည်နယ် လွတ်မြောက်ရေးအတွက် အိန္ဒိယ အစိုးရကို တော်လှန်နေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေထဲက အင်အားအကြီးဆုံး အဖွဲ့ကတော့ အာသံအခြေစိုက် အူဖာအဖွဲ့နဲ့ UNLF လို့ခေါ်တဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပါတယ်။ တကယ်လို့သာ နှစ်နိုင်ငံ အစိုးရတွေဘက်က ဒီ လက်နက်ကိုင် အဖွဲ့တွေအပေါ် စစ်ဆင်ရေးတွေ စတင်လာပြီဆိုရင် သူပုန်အဖွဲ့တွေဘက်က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့ သုံးသပ်သူကတော့ နာဂပြည်နယ် အခြေစိုက် နာဂအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောစ ဖြစ်ပါတယ်။

“သူတို့ ခံတိုက်မယ့်ပုံတော့ မရှိပါဘူး။ ပြောက်ကျားပဲ ဖြစ်မှာပဲ။ လာတိုက်တယ်ဆိုရင် ခြုံခိုတိုက်လိုက်၊ ပျောက်သွားလိုက်၊ တနေရာ ပြန် ခြုံခိုတိုက်လိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ သွားမှာပါ။ စစ်ဘက် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သူတို့ သူပုန်တွေ ပုန်းအောင်းနေတဲ့ နယ်မြေတွေဟာ တောနက်ကြီးတွေ ဖြစ်တော့ အလုံးအရင်းနဲ့ ခံစစ်မျိုး မဟုတ်ဘဲနဲ့ ပြောက်ကျားနည်းနဲ့ တိုက်မယ်ဆိုရင် တောထဲက လူတွေက ကျွမ်းတဲ့နယ်မြေမှာ ရှိနေပြီးတော့ အိန္ဒိယတပ်ဖြစ်ဖြစ်၊ ဗမာပြည်က နအဖတပ်ဖြစ်ဖြစ် တောကို ဒီလောက် ကျွမ်းကျင်တာ မဟုတ်ဘူး။ မြေပေါ်မှာ မြေပေါ်မှာပဲ၊ လက်တွေ့ ၀င်လှုပ်ရှားနေတာနဲ့ ဘာမှ မဆိုင်ဘူး။ ဒီတော့ ထိရောက်မှု ဒီလောက်ရှိမယ်လို့ ကျနော်တို့တော့ မယုံကြည်ဘူး။”

ဒါ့အပြင် ဒေါက်တာတင့်ဆွေကလည်း ဒီလို နယ်စပ်လုံခြုံရေး ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး လုပ်ရုံနဲ့ မရဘဲ နိုင်ငံရေးအရ ဖြေရှင်းမှသာ ထိရောက်မှု ရှိမယ်လို့ အခုလို ပြောပါတယ်။

“ခိုင်မြဲမှု စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကတော့ တစုံတရာ ဖြစ်ကောင်း ဖြစ်လာချင် ဖြစ်လာမယ်ပေါ့လေ။ ဒီပြဿနာကတော့ ရှင်းသွားမှာ မဟုတ်ဘူး။ သူက စစ်ရေးပြဿနာ မဟုတ်ဘဲ နိုင်ငံရေး ပြဿနာ ဖြစ်တယ်။ တနည်းအားဖြင့် လူမျိုးစု ပြဿနာ ဖြစ်တယ်။ တနည်းအားဖြင့် အချုပ်အခြာ အာဏာနဲ့ဆိုင်တဲ့ ပြဿနာ။ နောက်တခါ နိုင်ငံတကာ နယ်ခြားဖြတ်ကျော်တဲ့ ပြဿနာဖြစ်တော့ ပြဿနာက ကြီးမား လေးနက်ပါတယ်။ ဆိုတော့ ကျနော်မြင်တာက စစ်ရေး ပူးပေါင်းဆောင်ရွက်ရုံနဲ့၊ စစ်ရေးနဲ့ နှိမ်နင်းရုံနဲ့ကတော့ တစုံတရာ အနည်းငယ်သာလျှင် အားသေးသွားမှာ ဖြစ်ပြီးတော့ နိုင်ငံရေးပါ ဆောင်ရွက် ဖြေရှင်းမှသာလျှင် ရမယ့် ပြဿနာကြီး ဖြစ်ပါတယ်။”

ဒီနှစ်ဆန်းပိုင်းတုန်းကလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ လုံခြုံရေးနဲ့ လက်နက်ကိုင် သူပုန်တွေကို ပူးပေါင်းနှိမ်နင်းရေး ကိစ္စတွေ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုခိုင်မာလာပြီး အိန္ဒိယနိုင်ငံဟာ တရုတ်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့ ပြီးရင် မြန်မာနိုင်ငံမှာ စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG