မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ ညတုန်းက ရန်ကုန်ဆေးရုံကြီးမှာ နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှု သွားရောက် ခံယူခဲ့ပါတယ်။
တနင်္ဂနွေနေ့ ညပိုင်း ၉ နာရီ ကျော်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကို သွားပြီးတော့ ၄၅ မိနစ်လောက်ကြာအောင် ဆေးစစ်မှု ခံယူခဲ့တယ်ဆိုတဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ရဲ့ အပြောကို ရန်ကုန်ကလာတဲ့ AFP သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။
ဆေးရုံကြီးမှာ ဆေးစစ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်ဆီကို သက်ဆိုင်ရာက ပြန်ပို့ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သွေးပေါင်ချိန် ကျပြီးတော့ ခေါင်းမူးဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူ အကျယ်ချုပ် ချခံထားရတဲ့ နေအိမ်မှာပဲ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လစဉ် သွားရောက် စစ်ဆေး ကုသပေးနေပါတယ်။