ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ကျင်းပမယ့် နျူကလီးယား လုံခြုံရေး ညီလာခံ မစတင်ခင်မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အိန္ဒိယနဲ့ ပါကစ္စတန် ၀န်ကြီးချုပ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၂ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံအတွင်းမှာ နျူကလီးယားနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို အကြမ်းဖက်သမားတွေနဲ့ တခြား ခြိမ်းခြောက်မှုတွေရဲ့ အန္တရာယ်ကနေ လုံခြုံမှုရှိရေးအတွက် နိုင်ငံပေါင်း ၄၀ ကျော်က ဆွေးနွေးသွားမှာဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း အမေရိကန် သမ္မတက လက်ခံကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အများဆုံး တွေ့ဆုံကြမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံစည်းဝေးကြမယ့် Washington Convention Center နား တ၀ိုက်မှာ လုံခြုံရေး ရဲတွေကို ချထားပြီးတော့ ညီလာခံ ကျင်းပမယ့် နေရာနားက လမ်းတွေ အားလုံးနီးပါးကို ကြိုတင်ပြီးတော့ ပိတ်ထားလိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှားက နျူကလီးယား လက်နက်တွေ လျှော့ချဖို့ သဘောတူ လက်မှတ်ရေးထိုးပြီး ရက်အနည်းငယ် အကြာမှာ သမ္မတ အိုဘားမားက နျူကလီးယားလက်နက် အစုလိုက် အပြုံလိုက် သိမ်းဆည်းထားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းမှု အားကောင်းလာအောင် လုပ်ဖို့နဲ့ ရေဒီယို ဓာတ်သတ္တုကြွ ပစ္စည်းတွေကို အကြမ်းဖက်သမားတွေနဲ့ ရန်လိုတဲ့ နိုင်ငံတွေဆီကို မရောက်အောင် ထိန်းသိမ်းသွားဖို့ မျှော်လင့်ထားပါတယ်။
“နျူကလီးယားလက်နက် ကိစ္စဟာ အမေရိကန်နဲ့ ရုရှားနိုင်ငံ အရေးကိစ္စပဲ မဟုတ်ပါဘူး။ ဒီ နျူကလီးယား လက်နက်တွေဟာ နိုင်ငံအားလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ အကြမ်းဖက်သမားတွေ လက်ထဲမှာ နျူကလီးယားလက်နက် ရှိနေမယ်ဆိုရင် ဒါဟာ မော်စကိုမှာပဲဖြစ်ဖြစ်၊ နယူးယောက်မှာပဲဖြစ်ဖြစ်၊ တောင်အာရှမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့နေရာတိုင်းက လူတွေအတွက် အန္တရာယ်ပါ။”
အကြမ်းဖက်သမားတွေဟာ နျူကလီးယားဗုံး လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေ ရဖို့အတွက် ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့ခေတ်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုဟာ စစ်အေးကာလခေတ်က နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ကွာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ABC ရုပ်မြင်သံကြားရဲ့ This Week အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
“ကျမတို့ ကြီးပြင်းခဲ့တဲ့ စစ်အေးတိုက်ပွဲ ကာလတွင်းကလို နျူကလီးယား တိုက်ခိုက်မှု၊ နျူကလီးယား စစ်ပွဲတွေရဲ့ ခြိမ်းခြောက်မှုက လျော့နည်းလာနေပြီး နျူကလီးယား အကြမ်းဖက် တိုက်ခိုက်မှုရဲ့ ခြိမ်းခြောက်မှုက တိုးပွားလာနေပါတယ်။ ဒါ့အပြင် အယ်လ်ကိုင်းဒါးနဲ့ တခြားအဖွဲ့တွေဟာ ဆိုးဝါးတဲ့ အဖျက်လုပ်ငန်းတွေ၊ လူတွေ သေစေလောက်တဲ့အထိ တိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် နျူကလီးယား ပစ္စည်းတွေကို ရအောင် ဆက်တိုက် ကြိုးပမ်းနေတာတွေကြောင့် ကျမတို့ အနေနဲ့ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို လိုအပ်မယ်ထင်တဲ့ နေရာကိုပဲ အာရုံစိုက်စေချင်ပါတယ်။”
အီရန်၊ ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ညီလာခံကို တက်ရောက်ကြမှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားကတော့ သူတို့ရဲ့ နျူကလီးယားလက်နက်ဟာ တရားမျှတတယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ နျူကလီးယား ခြိမ်းခြောက်မှု ရှိနေသရွေ့တော့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့လည်း အနာဂတ်မှာ ခြိမ်းခြောက်မှုတွေကို တားဆီး ဟန့်တားနိုင်အောင် နျူကလီးယား လက်နက်တွေကို တိုးမြှင့်သွားပြီးတော့ ခေတ်မီအောင် လုပ်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ ဒါကို အပြည့်အ၀ လုပ်ဆောင်နိုင်တယ်လို့လည်း မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြားက ပြောသွားခဲ့ပါတယ်။
အခုကျင်းပမယ့် နျူကလီးယား ညီလာခံကို အစ္စရေးဝန်ကြီး ဘန်ဂျမင် နာတန်ညာဟူး (Benjamin Netanyahu) က တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး သူ့အစား ဒုတိယ၀န်ကြီးချုပ်ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။ အစ္စရေးလ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အစ္စရေးလ်နိုင်ငံဟာ နျူကလီးယား မပြန့်ပွားရေး သဘောတူညီချက်မှာ လက်မှတ်မရေးထိုးဘဲ နိုင်ငံတကာ စစ်ဆေးတာကိုလည်း မခံရပါဘူး။ အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဘက်က ကျယ်ကျယ်လောင်လောင် ကန့်ကွက်ပြောဆိုနေပါတယ်။
သမ္မတ အိုဘားမားကတော့ အမေရိကန်နိုင်ငံက နျူကလီးယားလက်နက် အသုံးပြုဖို့အတွက် စဉ်းစားလာနိုင်ခြေ ရှိတဲ့ အခြေအနေတွေကို ကန့်သတ်လိုက်ပါတယ်။ ဒါပေမဲ့ အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတို့နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေမှာတော့ ဒီကန့်သတ်ချက်တွေအတိုင်း လုပ်သွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။