သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်


ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်

စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဖော်ဆောင်ပေးမယ့် ဖွဲ့စည်းပုံ မဟုတ်တဲ့အပြင် မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေဟာ တရားမျှတမှု မရှိတဲ့အတွက် စစ်အစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲ မဝင်ဖို့ မကြာခင်က ကျင်းပခဲ့တဲ့ ALD ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အရေးပေါ် စည်းဝေးပွဲက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီစည်းဝေးပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ ပါတီဥက္ကဋ္ဌ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။

“ကျနော်တို့ ၁၀ ရက်နေ့က ပြည်နယ်က CEC တွေရော၊ လွှတ်တော် ကိုယ်စားလှယ်၊ နောက် မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဲဒါတွေကို အကုန်ဖိတ်ပြီးတော့ အရေးပေါ် အစည်းအဝေးတခု လုပ်ပါတယ်။ အဲဒီအရေးပေါ် အစည်းအဝေးက ဘာကြောင့်လုပ်ရလဲ ဆိုတော့ လက်ရှိ နိုင်ငံရေး အခြေအနေအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဒါကို အကြောင်းပြုပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ်။ ရွေးကောက်ပွဲဥပဒေ၊ ကော်မရှင်ဥပဒေ၊ ပါတီ မှတ်ပုံတင် ဥပဒေနဲ့ နည်းဥပဒေတွေ ထွက်လာတဲ့အခါ ဒီအပေါ်မှာ ကျနော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား၊ ရပ်တည်ချက်တွေကို ဆွေးနွေး ဆုံးဖြတ်ဖို့အတွက် အရေးပေါ် အစည်းအဝေးတခု ကျနော်တို့ ခေါ်ပါတယ်။ အဲဒီအစည်းအဝေးက ကျနော်တို့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ပါတယ်။

“အဲဒီဆုံးဖြတ်ချက်ကတော့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး၊ ပြည်နယ်တွေရဲ့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်တွေကိုလည်း ဖော်ဆောင်ပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မဟုတ်ဘူး။ ပြီးတော့ ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့အခွင့်အရေးကိုလည်း ကာကွယ်ပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မဟုတ်ဘူး။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေ၊ ပါတီမှတ်ပုံတင် ဥပဒေတွေကို လေ့လာကြည့်တဲ့ အခါမှာလည်း ပါတီတွေကို ချုပ်ကိုင်မယ့်၊ ပါတီရဲ့ လုပ်ပိုင်ခွင့်တွေကို ကော်မရှင်က ဝင်ရောက် စွက်ဖက်နိုင်တဲ့ ဥပဒေတွေကို တွေ့ရတယ်။ ပြီးတော့ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဟာလည်း တရားမျှတမှု မရှိတဲ့ ဥပဒေတွေ ဖြစ်နေတယ်။

“ဒါကြောင့် ကျနော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီကို မှတ်ပုံတင်မှာလည်း မဟုတ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဝင်မှာမဟုတ်တဲ့အကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။”

နယ်က ကိုယ်စားလှယ်တွေ ဆိုတော့ တခြား အန်ကယ့်ပါတီ အနေနဲ့ တခြား လွှတ်တော်အမတ်တွေရော ပါပါသေးလား။

“လွှတ်တော်အမတ်ကတော့ ပြင်ပမှာရော၊ ကွယ်လွန်သွားတဲ့ သူတွေရော ဖြစ်တဲ့အတွက် အမတ်ကတော့ ၃ ယောက်ရှိတဲ့အထဲမှာ တယောက်ကတော့ တယောက်တည်း၊ နောက် ၂ ယောက်ကတော့ သူတို့ သဘောထားတွေ ပေးပါတယ်။ ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံတယ် ဆိုပြီးတော့ သဘောထား ပေးပါတယ်။”

အန်ကယ်တို့ပါတီ အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက် အရွေးခံခဲ့ရပါသလဲ။

“၁၁ ယောက်ပါ။”

အခု ကွယ်လွန်သွားတဲ့ အမတ်က ဘယ်နှစ်ယောက် ရှိပါသလဲ။

“ကွယ်လွန်သွားတဲ့ အမတ်က ၄ ယောက် ရှိပါတယ်။”

ပြင်ပမှာရော ဘယ်နှစ်ယောက် ရှိပါသလဲ။

“၃ ယောက်ပါ။”

ပါတီက တခြား တာဝန်ရှိတဲ့ လူတွေရော။

“CEC တွေ တက်ပါတယ်။”

NLD ကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက အကောင်အထည် ဖော်ဆောင်ခြင်း မရှိတဲ့အတွက် ဒီဥစ္စာကို ဥပဒေလမ်းကြောင်းအရ အရေးယူမယ်ဆိုပြီး အန်ကယ် ဦးတင်ဦးတို့က ဒီနေ့ ပြောပါတယ်။ ဆိုတော့ အဲဒါမျိုး အန်ကယ်တို့ အနေနဲ့ရော ဥပဒေ လမ်းကြောင်းအရ စစ်အစိုးရဘက်က ပျက်ကွက်ခဲ့တဲ့ အပေါ်မှာရော NLD လို အလားတူ ရင်ဆိုင်ဖို့ ရှိပါသလား။

“ကျနော်တို့က ဖျက်သိမ်းခံရတဲ့ ပါတီလည်း ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကိုလည်း ပျက်ပြယ်သွားပြီလို့ ကြေညာချက် ထုတ်ထားတော့ ဥပဒေလမ်းကြောင်းက လုပ်ဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ လိုအပ်ရင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ့် သဘောထား ရှိပါတယ်။”

အခုကျင်းပခဲ့တဲ့ အရေးပေါ် စည်းဝေးပွဲမှာ ဦးသာဘန်းကို ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ပါတီဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူးရာထူး လစ်ဟာနေပေမဲ့လည်း အဲဒီရာထူးတွေကို ပါတီညီလာခံမှာ လျှို့ဝှက်မဲစနစ်နဲ့သာ ရွေးချယ်တင်မြှောက်ခွင့် ရှိတာမို့လို့ ယာယီ အတွင်းရေးမှူးအဖြစ် ဦးအေးသာအောင်ကပဲ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ALD ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုလို ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ တချိန်တည်းမှာပဲ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ချင်းအမျိုးသား ပါတီနဲ့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုန်း ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီတို့လည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်လိုက်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့ ပါတီပေါင်း အခုဆိုရင် ၁၃ ပါတီ ရှိသွားပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG