သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ ကာကွယ်ရေး ဦးစီးချုပ် တိုက်တွန်း


ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ ကာကွယ်ရေး ဦးစီးချုပ် တိုက်တွန်း
ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ ကာကွယ်ရေး ဦးစီးချုပ် တိုက်တွန်း

ပဋိပက္ခကို ချုပ်ငြိမ်းစေဖို့အတွက် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို စောပြီး ကျင်းပပေးခြင်းကသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုပွန် ပေါင်ချင်ဒါ (General Anupong Paojinda) က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြနေသူတွေကို အင်အားသုံးပြီး မနှိမ်နင်းချင်ဘူးလို့လည်း ဗိုလ်ချုပ်ကြီး အနုပွန်က ပြောခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝရဲ့ ဒီမိုကရက်ပါတီဟာ မဲဆွယ် စည်းရုံးစဉ် ကာလက တရားမဝင် ပေးလှူတဲ့ ငွေတွေကို လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ပါတီကို ဖျက်သိမ်းလိုက်ဖို့ မနေ့က အဆိုပြု တိုက်တွန်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်အတွင်း မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက ဒီမိုကရက်ပါတီဟာ ဒေါ်လာ သန်းပေါင်းများစွာကို ရန်ပုံငွေ လက်ခံခဲ့တယ်ဆိုပြီး စွဲချက်တင် ခံနေရတာ ဖြစ်ပါတယ်။

ထိုင်း တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီတခု အနေနဲ့ တနှစ်ကို ဒေါ်လာ သိန်းနဲ့ချီပြီးတော့ပဲ လက်ခံလို့ရတာ ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီ ပြောခွင့်ရသူကတော့ သူ့ပါတီဟာ ရန်ပုံငွေ ဥပဒေအတိုင်း လိုက်နာခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အဓိကရုဏ်းအတွင်း သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မနေ့က အနီရောင်အင်္ကျီဝတ် ဆန္ဒပြသူတွေက လူသေအခေါင်းပုံစံ အတုတွေကို သယ်ဆောင်ပြီး ဘန်ကောက်မြို့တော်က လမ်းတွေပေါ်မှာ မနေ့က လမ်းလျှောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လုံခြုံရေးတွေနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကြား ထိခိုက်သေဆုံးမှုတွေ ရှိတဲ့ အဓိကရုဏ်းတွေ ဖြစ်ပြီးနောက် အခု နှစ်သစ်ကူး သင်္ကြန်ကာလ စီးပွားရေး လုပ်ငန်းတွေ တော်တော်လေး ထိခိုက်နေပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဒီနေ့ကစပြီး ၃ ရက်ကြာ ကျင်းပမယ့် နှစ်ကူး သင်္ကြန်ပွဲတော်ကို ဘန်ကောက်မြို့တော် အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ မငြိမ်မသက် ဖြစ်နေတဲ့အတွက် တရုတ်ပြည်ကနေ ဘန်ကောက်မြို့ဆီ ပျံသန်းတဲ့ လေယာဉ်ခရီးစဉ် ၁၀၀ လုံးကို တရုတ်က ဖျက်သိမ်းလိုက်ပါတယ်။

နိုင်ငံပေါင်း ၄၀ ကျော်ကလည်း ဘန်ကောက်မြို့တော် သွားမယ့် သူတို့ရဲ့ နိုင်ငံသားတွေအတွက် ခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဝင်ငွေ စုစုပေါင်းမှာ ခရီးသွား လုပ်ငန်းတွေက ရတဲ့ ဝင်ငွေက ၆% လောက် ရှိပါတယ်။ ဒီနှစ်ထဲ ထိုင်းကိုလာမယ့် ကမ္ဘာလှည့် ခရီးသွားဟာလည်း ခန့်မှန်းထားတာထက်ကို ၁,၀၀၀,၀၀၀ လောက် လျော့သွားမယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG