သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်သင်္ကြန် စည်ကားဖွယ်ရှိ


ဒီနှစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ သင်္ကြန်ပွဲအတွက် ထူးထူးခြားခြား ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေကြသလဲ၊ ဘယ်နေရာတွေမှာ ဘယ်လို သင်္ကြန်မဏ္ဍပ်တွေ ရှိမလဲ ဆိုတာကို စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီနှစ်သင်္ကြန်ကတော့ နေပြည်တော်မှာ စည်စည်ကားကား သင်္ကြန်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်ထားတာက ထူးခြားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ နေပြည်တော်မှာ ရှိသမျှ ဟိုတယ်ကြီးတွေတိုင်းမှာ သင်္ကြန်မဏ္ဍပ်ကြီးတွေ လုပ်ရမယ်လို့ သက်ဆိုင်ရာက ပြောထားတာမို့ ဟိုတယ်လုပ်ငန်းရှင်တွေကလည်း သူတို့မဏ္ဍပ်တွေ စည်ကားအောင် အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို တန်ရာတန်ကြေးထက် ပိုပေးပြီး ငှားထားကြပါတယ်လို့ ပြောပါတယ်။

“မတ်လ အစပိုင်းကတည်းက ဟိုတယ်ဇုန်တွေကို ညွှန်ကြားချက် ပေးလိုက်တာပေါ့။ မဏ္ဍပ်လုပ်ရမယ်၊ ဟိုတယ်ဝန်ထမ်း တွေရဲ့ အကပြိုင်ပွဲတွေ လုပ်ရမယ်ဆိုတော့ အဲဒီလပိုင်းကတည်းက လုပ်ငန်းရှင်တွေ အကုန်လုံးက တီးဝိုင်းငှားတာ၊ အဆိုတော်ငှားတာ၊ ကိုယ့်ဝန်ထမ်းတွေကလည်း အကတွေ ကျင့်နဲ့ အဲဒီကတည်းက စီစဉ်နေရတာ၊ မဏ္ဍပ်ဆောက်တဲ့ လုပ်ငန်းတို့ ဘာတို့။ အဲတော့ ဈေးကြီးပေးပြီးတော့ အဆိုတော်တွေ ငှားရတယ်။ သူတို့ဝန်ထမ်းတွေက အကတွေကျင့်ပြီး ပြိုင်ပွဲတွေလည်း လုပ်ရဦးမှာ။”

ဟိုတယ်လုပ်ငန်းနဲ့ နီးစပ်သူက ပြောပြတာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ တော်တော်တော်များများ နေပြည်တော် သင်္ကြန်ပွဲကို သွားပြီး ဆင်နွှဲကြပေမဲ့ တောင်ကြီး၊ မန္တလေးမြို့တွေက သင်္ကြန်ပွဲကို သွားပြီး ဖျော်ဖြေကြမယ့် အဆိုတော်တွေလည်း ရှိပါတယ်။ အဲဒီထဲမှာ သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းက မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းသွားဆိုမယ်လို့ ပြောပါတယ်။

“သင်္ကြန်မှာ မန္တလေး Alpine မှာ သီချင်းသွားဆိုပါမယ်။”

မန္တလေးပဲ သွားမှာလား၊ နောက် တခြားရော ဘယ်မြို့တွေသွားဖို့ အစီအစဉ် ရှိပါလဲ။

“မသွားဘူးအမ၊ Alpine မှာပဲ။ မနှစ်ကတော့ ရန်ကုန်မှာနေတယ်။ အရင်နှစ်တွေက လားရှိုးတို့၊ တောင်ကြီးတို့၊ မန္တလေးတို့ မဏ္ဍပ်တွေ သွားတယ်။ ဒီနှစ်ကတော့ မန္တလေး Alpine မှာရှိမယ်။”

နေပြည်တော်မှာလည်း သင်္ကြန် အကြီးအကျယ် ကျမယ်လို့ ကြားတယ်။ အဲဒီဘက်ရော ရောက်ဖြစ်ဦးမလား။

“မရောက်ဖြစ်တော့ပါဘူး။ Alpine က လေးရက်စလုံး ငှားထားပါတယ်။”

အဆိုတော် လေးဖြူတို့ရဲ့ Iron Cross တီးဝိုင်းကတော့ တောင်ကြီးမှာ သွားရောက် သီဆို ဖျော်ဖြေကြမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာတော့ ခါတိုင်း သင်္ကြန်မဏ္ဍပ်တွေနဲ့ စည်ကားတဲ့ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတို့မှာ ဒီနှစ် မဏ္ဍပ်ဆောက်ခွင့် မရတာက ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတာ ရေရေရာရာ မသိရပေမဲ့ အရင်နှစ် မဏ္ဍပ်တွေဟာ ရထားတဲ့ ပါမစ်ထက် ပိုပြီးလုပ်ကြတယ်၊ ရေကစားကြသူတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်တာတွေ လုပ်နေကြသလို မဏ္ဍပ်တွေ ပြွတ်သိပ်နေတဲ့အတွက် ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တဲ့အတွက်လို့ ဆိုကြပါတယ်။ ဒီတော့ ရန်ကုန်မြို့ရဲ့ တခြားနေရာတွေမှာရော သင်္ကြန်မဏ္ဍပ်တွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

“အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမှာ မရှိဘူး။ ပြည်လမ်းပေါ်မှာတော့ Air Bagan ရှိတယ်။ Air Bagan ဘေးနားမှာ တခုရှိတယ်။ နောက် ILBC နားမှာ တခု။ ပြည်လမ်းပေါ်မှာ မြင်ရသလောက်ကတော့ လေးခုလောက် ရှိတယ်။”

ဆရာစံလမ်းမှာရော မဏ္ဍပ်တွေ အခြေအနေ ဘယ်လိုရှိလဲ။

“ဆရာစံလမ်းမှာ အကြီးအကျယ် ဆောက်တာဆိုလို့ ကိုကို ညီညီ ဆလွန်းထဲမှာ မဏ္ဍပ် အကြီးကြီးတခုရှိတယ်။ အဲဒါ DJ တွေဘာတွေ ငှားပြီး အကြီးကြီးပဲ လုပ်နေတယ်။ နောက် တခြား မဏ္ဍပ်လေး တခုနှစ်ခု အဲဒီလောက်ပဲတွေ့တယ်။ ကမ္ဘာအေး ဘုရားလမ်းမှာလည်း ဆီဒိုးနားမှာတခု၊ မျက်နှာချင်းဆိုင်မှာ တခု၊ အဲဒီနှစ်ခုရှိတယ်။ ကန်တော်ကြီး ပတ်လမ်းမှာတော့ မဏ္ဍပ် တော်တော်များများ ချပေးတယ်၊ ၁၆ ခုလောက် ရှိတယ်။”

အစိုးရမဏ္ဍပ်တွေကရော။

“လောလောဆယ် အစိုးရမဏ္ဍပ်ရယ်လို့ အကြီးအကျယ်ဆောက်တာ မရှိဘူး၊ မြို့တော်ခန်းမ တခုပဲ ဆောက်တာ။”

ရန်ကုန်မြို့က သင်္ကြန်ပွဲ ပြင်ဆင်မှု အခြေအနေကို ကိုယ်တိုင်သွားကြည့်ပြီး ပြောပြထားတာပါ။

ဒီနှစ် သင်္ကြန်ရေကစားသူတွေ အတွက် လိုက်နာရမယ့် အချက်ပေါင်း ၃၀ ကျော် ပါဝင်တဲ့ စည်းကမ်းချက်တွေကို စစ်အစိုးရက ထုတ်ပြန်ထားပြီး အဲဒီထဲမှာ သင်္ကြန်မဏ္ဍပ်တွေကို မြန်မာနာမည်တွေပဲ ပေးရမယ်၊ မလုံ့တလုံ ဝတ်စားဆင်ယင်မှုတွေကို မဝတ်ရဘူးဆိုတဲ့ စည်းကမ်းချက်တွေ ပါပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG