သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား တိုက်ခိုက်မှု အန္တရာယ် တိုးလာ၊ သမ္မတ အိုဘားမား သတိပေး


အကြမ်းဖက်သမားတွေက နျူကလီးယားဆိုင်ရာ ကုန်ကြမ်းတွေ၊ နည်းပညာတွေ အရယူဖို့ ကြိုးစားနေကြတာနဲ့အမျှ ကမ္ဘာကြီးဟာ နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မယ့် အန္တရာယ် တိုးလာတယ်လို့ သမ္မတ အိုဘားမား (Obama) က ပြောဆိုလိုက်ပါတယ်။

နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းတွေ၊ နည်းပညာတွေကို လုံခြုံ စိတ်ချရအောင် လုပ်ကြမယ် ဆိုတာကို အပြောသက်သက် မဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ လက်တွေ့ အရေးတယူ ဆောင်ရွက်ကြမှ ဖြစ်မယ်လို့ သမ္မတ အိုဘားမားက သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော်မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ နျူကလီးယား အရေး ထိပ်သီးညီလာခံ ဒုတိယနေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီ ထိပ်သီးညီလာခံကို တက်ရောက်နေကြတဲ့ ၄၇ နိုင်ငံ ခေါင်းဆောင်တွေက လာမယ့် ၄ နှစ်အတွင်း နျူကလီးယား ကုန်ကြမ်းတွေ၊ နည်းပညာတွေကို လုံခြုံ စိတ်ချရအောင် ထိန်းသိမ်းပါ့မယ်လို့ ကတိပြုတဲ့ ပူးတွဲကြေညာချက် တစောင်ကို ဒီနေ့ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

သမ္မတ အိုဘားမားဟာ တူရကီဝန်ကြီးချုပ် ရီးဆက်ပ် တေးယစ်ပ် အာဒိုဂန် (Recep Tayyip Erdogan)၊ အာဂျင်တီးနား သမ္မတ ခရစ္စတီးနား ဖာနန်းဒက်ဇ် ဒီ ကာ့ချ်နာ (Cristina Fernandez de Kirchner) နဲ့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel) တို့ကို ဒီနေ့ညနေမှာ သီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း နျူကလီးယား လက်နက်တွေ အနည်းဆုံး ၁၂၀,၀၀၀ လောက် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ နျူကလီးယား ကုန်ကြမ်းတွေ အလုံအလောက် ရှိနေတာကြောင့် ဒီပစ္စည်းတွေ၊ ကုန်ကြမ်းတွေ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားနိုင်တာကြောင့် ကျွမ်းကျင်သူတွေက စိုးရိမ်မကင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG