သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် ဖြုတ်ချနိုင်ရေး ရှပ်နီဝတ်တွေ ထပ်ဆန္ဒပြဖို့ ခြိမ်းခြောက်


ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) အစိုးရကို ဖြုတ်ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လမ်းမတွေပေါ်မှာ နောက်တကျော့ ထပ်ထွက်ပြီး အင်အားပြကြမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝဟာ ဘန်ကောက်မြို့က ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း လုံခြုံရေး စိတ်ချရအောင် စစ်တပ်ဝင်းထဲမှာ ယာယီ နေထိုင်နေတာကြောင့် ဆန္ဒပြသူတွေက အဲဒီစစ်တပ်ကို ချီတက်ကြမယ်လို့ ဒီနေ့ ဟန်ရေးပြင်ခဲ့ကြပါတယ်။

အနီဝတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အဖွဲ့တွေက လနဲ့ချီပြီး ဆန္ဒပြခဲ့ပြီးနောက် စနေနေ့က အကြမ်းဖက်မှုတွေကြောင့် ၂၁ ယောက် သေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ အနှစ် ၂၀ အတွင်း အဆိုးဝါးဆုံး နိုင်ငံရေး ပဋိပက္ခ အကျပ်အတည်း ဖြစ်ပါတယ်။

အနီဝတ် ဆန္ဒပြသူတွေကို အစိုးရ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောကြပေမဲ့ အစိုးရဘက်ကတော့ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ အကြမ်းဖက်သမားတွေက ဝင်ပစ်ခဲ့တာလို့ ဆိုပါတယ်။

အစိုးရဆန့်ကျင်ရေး အနီဝတ်တွေဟာ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က တပ်ခ်ဆင် ရှင်နာဝပ်ဟာ ဆူပူသောင်းကျန်မှုတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ အကြမ်းဖက်သမား တယောက်ပဲလို့ စွပ်စွဲလိုက်ပါတယ်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုပွန် (General Anupong Paojinda) ကတော့ ဒီဆန္ဒပြပွဲတွေ အဆုံးသတ်သွားဖို့ အကောင်းဆုံး နည်းလမ်းကတော့ လွှတ်တော်ကို ဖျက်သိမ်း၊ ရွေးကောက်ပွဲ စောပြီး ကျင်းပပေးဖို့ ဖြစ်တယ်လို့ မနေ့က ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာတော့ ဆန္ဒပြသူတွေထဲက တချို့ဟာ သင်္ကြန်ရေအေး ပက်ဖျန်းခဲ့ကြသလို တချို့ကတော့ လက်ရှိအစိုးရ မထွက်မချင်း အပျော်မကျူးကြဖို့ သတိပေးနေပြီး ဆက်လက် ဆန္ဒပြဖို့ စိုင်းပြင်းနေကြပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် ထိုင်းခရီးသွားလုပ်ငန်းမှာ ဒေါ်လာ သန်း ၁,၀၀၀ ကျော် ဆုံးရှုံးနိုင်တယ်လို့ ထိုင်းလုပ်ငန်းရှင်များ အဖွဲ့ချုပ်က ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG