သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် မြန်မာပြည် လာမည်


တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) ဒီလနှောင်းပိုင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းယူက ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ မစ်စ် ကျန်းယူက ဘက်ပေါင်းစုံ ပါဝင်ဆွေးနွေးမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရရှိနိုင်ဖို့အတွက် မျှော်လင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာနဲ့ နော်ရှိုးတို့က တင်ပြပေးထားပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဘက်ပေါင်းစုံ၊ ပါတီပေါင်းစုံက ညှိနှိုင်းဆွေးနွေး ရယူပြီး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရယူနိုင်ဖို့ ရင်းနှီးတဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံတခု အနေနဲ့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။”

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မစ်စ် ကျန်းယူ ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်ဟာ သူ့ရဲ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်း ပြောကြားမယ်ဆိုတဲ့ သဘောမျိုးလား၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တရုတ်အစိုးရက သေချာပေါက် နားလည်ရဲ့လား ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါလဲ၊ ဦးကျော်ဇံသာ ပြောပြပေးပါဦး။

“ဟုတ်ကဲ့၊ တိုက်တွန်းမှာပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံသာ မက၊ နိုင်ငံတိုင်းလိုလို သူတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ တည်ငြိမ်မှုရှိတာ၊ ဖွံ့ဖြိုးတိုးတက်နေတာကို လိုလားကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြေလည်မှုမရှိ ဖြစ်နေတယ် ဆိုတာကို တရုတ်က သိတယ်။ မြန်မာနိုင်ငံ တည်ငြိမ်ရင် သူတို့နိုင်ငံရဲ့ အနောက်မြောက်ဒေသ ပိုပြီးတော့ အကျိုးရှိမယ်၊ စီးပွားရေး ပိုပြီးလုပ်နိုင်မယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။

“မြန်မာဘက်က သဘာဝဓာတ်ငွေ့တွေ၊ မြန်မာဆိပ်ကမ်းတွေကို အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက်အဖြစ် အသုံးပြုနိုင်မယ့် အလားအလာ၊ တခါ မြန်မာနိုင်ငံကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဘက်ကို ပစ္စည်းတင်ပို့နိုင်မယ့် အခြေအနေတွေက တရုတ်အတွက် လက်တွေ့ အကျိုးရှိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာဘက်က မူးယစ်ဆေးဝါး တရုတ်ဘက်ကို လာရောက်နေတဲ့ ကိစ္စကိုလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိလာရင် ပိုပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံ နိုင်ငံရေး ပြေလည်ဖို့အတွက် တရုတ်က ဘာတွေလိုအပ်တယ်ဆိုတာ သဘောပေါက်မှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အတိုက်အခံတွေ ပါဝင်နိုင်အောင် ဆွေးနွေး၊ ဥပဒေကို ပြုပြင် ဆိုပြီးတော့ ပုံစံမျိုးနဲ့ အတိအကျ တိုက်တွန်း၊ လက်ထောက်ချပြီး ညွှန်ကြားမှာတော့ မဟုတ်ပါဘူး။ ဒါ တရုတ်ရဲ့ မူဝါဒနဲ့လည်း သိပ်မသက်ဆိုင်သလို တရုတ်က ဒါမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ တရုတ်နိုင်ငံဟာ ပြေလည်ဖို့ လိုအပ်တယ်ဆိုပြီး ယေဘုယျ သဘောအားဖြင့်တော့ တိုက်တွန်းတတ်ပါတယ်။”

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုလို့ အနောက်အုပ်စု နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့ တိုက်တွန်းနေပါတယ်။ ဒါကို တရုတ်တို့ဘက်က ထည့်သွင်း စဉ်းစားနိုင်မယ်လို့ ထင်ပါသလား။ ရွေးကောက်ပွဲကို အားလုံး လက်ခံနိုင်တဲ့ကိစ္စ ဖြစ်အောင်ရော တရုတ်အစိုးရက တိုက်တွန်းမယ်လို့ ထင်ပါသလား။

“မှန်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ တိုးတက်အောင် လုပ်ဖို့ ဆိုတာတွေကို အတိအကျ ထောက်ပြီးတော့ ပြောဆိုနေပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း ပြောမှာပါပဲ။ သို့ပေမဲ့ ဒီလို အတိအကျတော့ သူတို့ ပြောမှာ မဟုတ်ပါဘူး။ တရုတ်ဟာ ကမ္ဘာပေါ်မှာ အခုအခါ စီးပွားရေး အင်အားကလည်း အဆမတန် ကြီးထွားလာနေတော့ လူရိုသေ၊ ရှင်ရိုသေ ခေါင်းဆောင်နိုင်ငံကြီးတခု ဖြစ်အောင်၊ ဓနအင်အားနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဒါတွေတော့ လုပ်ရမှာပါ။

“ဒီပြဿနာကို ဆွေးနွေး အဖြေရှာကြဖို့ အတွက်လည်း တိုက်တွန်းမှာပါပဲ။ သို့သော် အတိအကျ ဘယ်ကိစ္စကို ဘယ်လိုလုပ်ဆိုပြီး ပြောလိမ့်မယ်လို့ မထင်ပါဘူး။”

အခုလိုမျိုး ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး အခင်းအကျင်းမှာ တနေ့တခြား အရှိန်အဟုန် မြင့်မားလာတဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ညီအောင် တရုတ်က တိုက်တွန်းရမယ် ဆိုတော့ ဒါဟာ ဝတ်ကျေတမ်းကျေ လုပ်တယ်ဆိုတဲ့ သဘောလား၊ ဒါဆိုရင် မြန်မာအစိုးရကရော တကယ့်ကို လိုက်နာမယ်လို့ ထင်ပါသလား။

“ဝတ်ကျေတမ်းကျေ ဆိုတာထက် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းနေတာဟာ သူတို့နိုင်ငံအတွက် အကျိုးစီးပွားလည်း ရှိနေတယ်ဆိုတာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံက ရွေးကောက်ပွဲကို လူတိုင်းလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်သင့်တာကို ပြင်ပေးဖို့ တောင်းဆိုထားပေမဲ့ တရုတ်ကတော့ ဒီလိုတောင်းဆိုမှာ မဟုတ်ပါဘူး။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း ဒီကိစ္စ ဆွေးနွေးတော့ တရုတ်သံအမတ်က ရွေးကောက်ပွဲဆိုတာဟာ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် သူတို့ ဒီကိစ္စကို ဘာမှ ဝင်မပြောလိုဘူးဆိုပြီး အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဆိုတော့ မြန်မာအစိုးရအဖို့ အတော့်ကို နေရထိုင်ရ သက်သောင့်သက်သာရှိမယ့် တိုက်တွန်းမှုသာ ဖြစ်ပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးပြုပြင်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ကိစ္စဟာ။

“တရုတ်ဘက်က တိုက်တွန်းတဲ့အထဲမှာ ပိုပြီး အလေးအနက် ရှိမယ့်ကိစ္စ၊ စစ်အစိုးရဘက်ကလည်း ပိုပြီး သတိထား လိုက်နာနိုင်မယ့် ကိစ္စကတော့ နှစ်နိုင်ငံ နယ်စပ်ဒေသက တိုင်းရင်းသားတွေ ပြဿနာပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီအရေးမှာတော့ တရုတ်အစိုးရရဲ့ ဆန္ဒကို ဖီဆန်ပြီးတော့ စစ်အစိုးရဘက်က ပြင်းပြင်းထန်ထန် လုပ်ဆောင်လိမ့်မယ်လို့ မထင်ပါဘူး။”

ဦးကျော်ဇံသာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG