သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြေငလျင် လူပေါင်း ရာချီ သေဆုံး


<!-- IMAGE -->

တရုတ်နိုင်ငံ အနောက်ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခဲ့တာကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၈,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ ပြိုကျနေတဲ့ အဆောက်အဦးတွေ အောက်မှာ ပိတ်မိနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်ပိုင်း ကျင်ဟိုင်းပြည်နယ် (Qinghai) မှာ ဒီနေ့မနက် စောစောက အင်အားပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့လို့ အဲဒီဒေသတကျောက မြို့တွေ ရွာတွေမှာ အဆောက်အဦးတွေ၊ အိမ်တွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြေငလျင် တိုင်းတာရေးဌာနက ခန့်မှန်းချက်အရ အဲဒီငလျင်ဟာ ၇.၁ ပြင်းအားရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနက တွက်ချက်လိုက်တာကတော့ ၆.၉ ပြင်းအားရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ဝေးလံ ခေါင်သီလှတဲ့ ကျင်ဟိုင်းပြည်နယ်နဲ့ တိဘက်ပြည်နယ်ကို ပိုင်းခြားထားတဲ့ တောတောင် ထူထပ်တဲ့ နေရာမှာ ဗဟိုပြုပြီး မနက် ၈ နာရီ မတိုင်ခင် အဲဒီငလျင် လှုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီငလျင်လှုပ်အပြီး ၅ မိနစ်အကြာမှာပဲ နောက်ထပ်တကြိမ် ထပ်ပြီးလှုပ်ခဲ့လို့ ငလျင် ဗဟိုပြုတဲ့နေရာ တဝိုက်မှာရှိတဲ့ မြို့တွေ ရွာတွေမှာ အဆောက်အဦးတွေနဲ့ အိမ်ခြေ ၈၅% အထိ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။

မနက် ၈ နာရီ ကျောင်းတက်ချိန်လည်း ဖြစ်နေတာကြောင့် အထူးသဖြင့် ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား လေးတွေ အတော်များများ အဆောက်အဦးတွေ၊ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေကြပါတယ်။ တချို့ကလေးတွေကတော့ ခေါင်းမှာ ဒဏ်ရာတွေရ၊ သွေးသံတွေနဲ့ လမ်းမပေါ်မှာ ထွက်ပြေးတာ တွေ့ခဲ့ရပါတယ်။

ကျင်ဟိုင်းပြည်နယ် ရဲမှူးကြီး ရှီဟွာဂျီး (Shi Huajie) က ယူရှူး (Yushu) ခရိုင်မှာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ အသက်မသေဘဲ ကျန်နေခဲ့တဲ့ သူတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးဝန်ထမ်း ၆၀၀ လောက် စေလွှတ်ထားပြီးပါပြီ၊ ဒါပေမဲ့ ပစ္စည်းကိရိယာ အစုံအလင် မရှိတာကြောင့် အခက်အခဲတွေ တွေ့နေရတယ်လို့ အခုလိုပြောပါတယ်။

“မနက်ခင်းမှာ ငလျင်လှုပ်ခဲ့တာ ဆိုတော့ တချို့ဒေသခံတွေ အိပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အဆောက်အဦး အပျက်အစီးတွေ ကြားမှာ ပိတ်မိနေတဲ့သူတွေ များနေတာ ဖြစ်ပါတယ်။ ပြိုကျနေတဲ့ အဆောက်အဦး အပျက်အစီးတွေ၊ တိုက်ပြို တိုက်ပျက်တွေကို ဖယ်ရှားဖို့အတွက် ကိရိယာတွေကလည်း အစုံအလင် မရှိပါဘူး။ ဒါကြောင့် အခက်အခဲ တွေ့နေရတယ်။” လို့ တရုတ် ဗဟို ရုပ်မြင်သံကြား ဌာနကို ပြောပြသွားတာ ဖြစ်ပါတယ်။

တယ်လီဖုန်းလိုင်းတွေ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်ပြီး လေယာဉ်ကွင်းနဲ့ အနီးဆုံး လမ်းတွေဟာလည်း သုံးလို့မရအောင် ပျက်စီးနေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ တောတောင်ထူထပ်တဲ့ နေရာတွေကို အရောက် သွားနိုင်ဖို့ အတွက် အတော်လေး ရုန်းကန်နေကြရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံ အနောက်ပိုင်း စီချွမ်ပြည်နယ်မှာလည်း အင်အားပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့လို့ လူပေါင်း ၆၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ ကျောင်းတွေ၊ အဆောက်အဦးတွေဟာ အရည်အသွေး၊ စံချိန်စံညွှန်း မပြည့်မီတဲ့ ပစ္စည်းတွေကို အသုံးပြုခဲ့တာကြောင့် ငလျင်ဒဏ်ကို မခံနိုင်ဘဲ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ အများကြီး သေဆုံးခဲ့ရတာဆိုပြီး ဒေသခံတွေက အပြစ်တင်နေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG