သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၉၄ ဦး ဒဏ်ရာရ




မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ် အနီးမှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းတွေမှာတော့ လူ ၈ ဦးသေဆုံးပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ ကြေညာခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၉၄ ယောက်အထိ ရှိခဲ့ကြောင်းလည်း ကြေညာပါတယ်။

ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာတော့ သင်္ကြန်ရေကစားသူတွေနဲ့ စည်ကားနေတဲ့ နေရာက ပေါက်ကွဲမှုတွေကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

အခုပေါက်ကွဲမှုအပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့တဲ့အကြောင်း လုံခြုံရေး တာဝန်ရှိသူ တဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အခုအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ ချထားပြီး ရေကစားမဏ္ဍပ်ကိုလည်း ပိတ်ထားလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းတွေမှာတော့ ပေါက်ကွဲမှုတွေဟာ အဖျက်သမားတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ဗွီအိုအေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG