သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငလျင် ၆၀၀ ကျော်သေဆုံး၊ ၁၀,၀၀၀ ကျော် ဒဏ်ရာရ


အင်အားကြီး မြေငလျင် လှုပ်ခတ်သွားခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်းကို ယာယီတဲတွေ၊ ဆေးတွေနဲ့ တခြား ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ အပူတပြင်း ပို့နေကြပါတယ်။ ပြင်းအား ၆.၉ ရှိတဲ့ မြေငလျင်ကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးပြီး ၁၀,၀၀၀ ကျော် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းက ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) ပေးပို့ထားတဲ့ သတင်းကို နော်ရှိုးက တင်ပြပေးထားပါတယ်။

<!-- IMAGE -->

ဒီနေ့အထိ ငလျင်ဒဏ် သင့်ခဲ့တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ လက်ဗလာနဲ့ဖြစ်စေ၊ ဂေါ်ပြားတွေနဲ့ဖြစ်စေ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို အပြေးအလွှား ဆွဲထုတ် ကယ်ဆယ်နေကြဆဲ ဖြစ်ပါတယ်။ အခုချိန်ထိ သေဆုံးသူပေါင်း ၆၀၀ ကျော် ရှိသွားပြီ ဖြစ်ပေမဲ့ သေဆုံးသူဦးရေ ဒီ့ထက် ပိုများဖို့ ရှိနေပါတယ်။ မနေ့မနက် စောစောပိုင်းက လှုပ်သွားခဲ့တဲ့ မြေငလျင်ဟာ တိဘက်ဒေသမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အဆိုးရွားဆုံး လှုပ်ခတ်ခဲ့တဲ့ မြေငလျင် ဖြစ်ပါတယ်။ မြေငလျင်ကြောင့် ကျောင်းသူ ကျောင်းသား ၆၆ ဦးနဲ့ ဆရာ ဆရာမပေါင်း ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ပြောပါတယ်။ ကျန်ရစ်သူ မိဘတွေ၊ မိသားစုဝင်တွေက ပျက်စီး ပြိုကျသွားတဲ့ အဆောက်အဦးတွေ ဘေးမှာ စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။

ရေခဲမှတ်လောက်အေးတဲ့ ရာသီဥတုမှာ ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်သင့်သူတွေ အပြင်မှာပဲ စောင်တွေ အထပ်ထပ်ခြုံပြီး တညလုံး အိပ်ခဲ့ရပါတယ်။ တရုတ်အစိုးရရဲ့ အရပ်သားရေးရာ ဝန်ကြီးဌာန လက်အောက် သဘာဝကပ်ဘေး ကယ်ဆယ်ရေးဌာန အကြီးအကဲ ဇူမင်း (Zou Ming) က ငလျင်ဒဏ်သင့် ဒေသမှာ နေထိုင်ကြသူပေါင်း ၁၀၀,၀၀၀ ကျော်အတွက် ဆေးဝါး၊ အစားအသောက်နဲ့ နေထိုင်စရာတို့ အရေးပေါ် လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ယာယီတဲတွေ၊ ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း အမြောက်အမြားကို ငလျင်ဒဏ်သင့် ဒေသတွေဆီ ပို့ပေးနေပြီလို့ ပြောသွားပါတယ်။ စစ်သားတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း စေလွှတ်လိုက်ပြီလို့ တရုတ်ဘာသာ စကားနဲ့ ပြောခဲ့ပါတယ်။ အဆောက်အဦးပေါင်း ၈၅% လောက် ပျက်စီးသွားတဲ့ ငလျင်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ယူရှူး (Yushu) ခရိုင်မှာ ရောက်သွားပြီဖြစ်တဲ့ ဆရာဝန်တွေကတော့ ယာယီတဲတွေထိုးပြီး ဆေးရုံအဖြစ် အသုံးပြု ဆေးဝါး ကုသပေးနေကြပါတယ်။

ငလျင်ဒဏ်သင့် ဒေသဟာ ကုန်းမြေမြင့်ဒေသ ဖြစ်တာကြောင့် ကူညီ ကယ်ဆယ်ရေးတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုန်းသိပ်မြင့်တဲ့ တချို့နေရာတွေမှာ အောက်ဆီဂျင် လုံလုံလောက်လောက် မရနိုင်တာကြောင့် မြေနိမ့်ပိုင်းက လာသူတွေအတွက် အသက်ရှူဖို့ အခက်အခဲ တွေ့နေကြတာ ဖြစ်ပါတယ်။

ဒီနေ့ နှောင်းပိုင်းမှာတော့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) ဟာ ငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေဆီကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့က Roof of the World ကမ္ဘာ့ခေါင်မိုးလို့ လူသိများတဲ့ တိဘက်ကုန်းပြင်မြင့် ဒေသမှာ ရေကုန်ရေခန်း ကူညီဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန် အစိုးရကတော့ တရုတ်အစိုးရဘက်က မေတ္တာရပ်ခံလာရင် အကူအညီပေးဖို့ အသင့်ပဲလို့ ပြောပါတယ်။

ပြည်ပမှာ ခိုလှုံနေတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) ကလည်း သေဆုံးသွားသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သခဲ့သလို ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဘဲနဒစ် (Pope Benedict) ကလည်း ငလျင်ဒဏ်သင့် ပြည်သူတွေကြားမှာ စုစုစည်းစည်း ရှိကြဖို့အတွက် ဆော်သြခဲ့ပါတယ်။

၆.၉ ပြင်းအားရှိတဲ့ မြေငလျင်ကြီးနဲ့အတူ နောက်ဆက်တွဲ မြေငလျင်တွေဟာ တရုတ်နိုင်ငံ ကျင်ဟိုင်းပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဘက်ဒေသကို ခြားထားတဲ့ ကုန်းမြေမြင့်မှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ မြေငလျင်ဒဏ်သင့် ဒေသတွေကို ကြည့်လိုက်ရင် ၂၀၀၈ ခုနှစ် မေလတုန်းက တရုတ်နိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ မြေငလျင်ကြီးက မြင်ကွင်းတွေကို ပြန်မြင်ယောင်စေပါတယ်။

၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခတ်သွားခဲ့တဲ့ မြေငလျင်ကြောင့် လူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ကျောင်းသား ကျောင်းသူ ကလေးသူငယ်ပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ဆောက်ထားတဲ့ ကျောင်းတွေ၊ အဆောက်အဦးတွေဟာ အရည်အသွေး မပြည့်မီတဲ့အတွက် မြေငလျင် လှုပ်တဲ့အခါ လွယ်လွယ် ပြိုကျသွားခဲ့ရတာ ဆိုပြီး စွပ်စွဲသံတွေကလည်း အခုအချိန်ထိ ကြားနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG