သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ပြန်သုံးသပ်နိုင်ခြေရှိ


မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အခုသွားနေတဲ့ ပုံစံအတိုင်း နိုင်ငံတွင်း သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်း တိုင်ပင်တာမျိုး မရှိဘဲ ဆက်သွားနေမယ် ဆိုရင် အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိမူဝါဒကို ပြန်ပြီး သုံးသပ်တာမျိုးတွေ လုပ်လာနိုင်တယ် ဆိုတဲ့ သဘောမျိုး အမေရိကန် ထိပ်တန်းတာဝန်ရှိသူ တဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရပေါ်မှာ အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ဆက်ပြီး ကျင့်သုံးနေတဲ့ တပြိုင်နက်တည်းမှာပဲ ထိတွေ့ဆက်ဆံတာကိုလည်း လုပ်သွားမယ်ဆိုပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ မူဝါဒသစ်ကို ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်က မျှော်လင့်ထားတဲ့ တိုးတက်မှုမျိုးတွေ မြန်မာနိုင်ငံမှာ ဖြစ်မလာသေးပါဘူး။

ဒါ့အပြင် ဒီနှစ် မတ်လထဲမှာ ထုတ်ပြန် ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ခွင့်ကို ပိတ်ပင်ကန့်သတ် ထားတာတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ရတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ထုတ်ပြောခဲ့ပါတယ်။

<!-- IMAGE -->

“ရွေးကောက်ပွဲ ဥပဒေ၊ ပြီးတော့ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံးကြားမှာ ဆွေးနွေး ပြောဆိုတာတွေ ဖြစ်စေချင်တဲ့ ဆန္ဒကနေ ပြောရမယ် ဆိုရင်တော့ အခု လုပ်ပြီးသွားတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ရတယ်ဆိုရင် မျှမျှတတပြောရာ ရောက်မယ်လို့ ကျနော်ထင်ပါတယ်။”

ဝါရှင်တန်ဒီစီမြို့တော်က မဟာဗျူဟာနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန (CSIS) မှာ လုပ်ခဲ့တဲ့ အမေရိကန်-မလေးရှား ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း မြန်မာ့အရေး မေးခွန်းတခု အပေါ်မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က တုံ့ပြန် ဖြေကြားသွားတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီသဘောထားကို မြန်မာစစ်အစိုးရကို တိုက်ရိုက် ပြောကြားခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ တိုက်တွန်းအားပေးခဲ့တဲ့ နိုင်ငံတွေကိုလည်း ပြောခဲ့ပါတယ်လို့ မစ္စတာကမ့်ပ်ဘဲလ်က ပြောပါတယ်။ အဲဒီနိုင်ငံတွေဟာ ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ ဒါပေမဲ့ အမေရိကန် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်အပေါ် မြန်မာနိုင်ငံ အခုသွားနေတဲ့ လမ်းကြောင်းက သက်ရောက်မှု ရှိလာနိုင်တယ် ဆိုတာကိုတော့ သူက အချက်ပြ ပြောဆိုခဲ့ပါတယ်။

“ချက်ချင်း လက်ငင်း သက်ရောက်မှုရှိတဲ့ အချက်တချို့ကို ပြောနိုင်ခဲ့ပြီးပြီလို့ ကျနော်တို့ တကယ့်ကို ထင်ပါတယ်။ ဒါပေမဲ့ အားလုံး ခြုံပြောရရင် ဒီလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့ရာ မြန်မာခေါင်းဆောင်တွေဘက်က အဆင့်တချို့ လုပ်တာကို ကျနော်တို့ မြင်ဖို့ လိုအပ်တယ်လို့ ပြောရပါမယ်။”

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာကမ့်ပ်ဘဲလ်ဟာ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်တွေက မြန်မာနိုင်ငံကို လာခဲ့ဖူးပြီး မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ရော၊ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန် အစိုးရဘက်က အဓိကလူလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

အမေရိကန် အစိုးရဘက်က မြန်မာစစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံမယ်ဆိုပြီး မူဝါဒ ပြောင်းလဲခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုး ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲ တချို့ကို လုပ်မယ်ဆိုရင် ဆက်ဆံမှုတွေ ပိုတိုးချဲ့မယ် ဆိုတာထိ ပြောထားတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက သူတို့ရဲ့ တင်းကျပ်မှုကို လျှော့မပေးတဲ့အပြင် ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် အမေရိကန်ရဲ့ မူဝါဒသစ်မှာ အပြောင်းအလဲတွေ ပြန်ဖြစ်လာမလား၊ ဒဏ်ခတ် အရေးယူ ပိတ်ဆို့တာတွေကို ခုထက် ပိုတင်းကျပ်လာမလား ဆိုတဲ့ မေးခွန်းတွေ ထွက်နေခဲ့ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ပ်ဘဲလ်ကတော့ ဒဏ်ခတ် အရေးယူတာကို မိမိတို့ လျှော့မပေးသေးဘူးဆိုတာ သိသာထင်ရှားပါကြောင်း၊ ဒဏ်ခတ် အရေးယူမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ချက်မျိုးမဆို ချမှတ်ဖို့ အခွင့်အလမ်းနဲ့ လုပ်နိုင်စွမ်းကို အမြဲ ထိန်းသိမ်းထားပါကြောင်း ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG