သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်သင်္ကြန် အခြေအနေ


<!-- IMAGE -->

ရန်ကုန်က သင်္ကြန်မှာ ဒီနှစ် အစည်ကားဆုံးလို့ ပြောကြတဲ့ ကန်တော်ကြီးမှာ မနေ့က ဗုံးပေါက်ကွဲခဲ့လို့ လူ ၉ ယောက် အနည်းဆုံး သေဆုံးသွားခဲ့ပါတယ်။ ရေပက်သူတွေနဲ့ စည်ကားနေချိန် နေ့လယ် ၃ နာရီလောက်မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုရဲ့ နောက်ဆုံးသိရတဲ့ အခြေအနေကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

သင်္ကြန်အကြတ်နေ့ နေ့လယ် ၃ နာရီလောက်က ကန်တော်ကြီး ကန်ပတ်လမ်းပေါ်မှာ ဆောက်ထားတဲ့ X2O မဏ္ဍပ်ရှေ့မှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲတဲ့ မြင်ကွင်းကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ဈေးသည်တယောက်က အခုလိုပြောပါတယ်။

“ကျနော်ကတော့ အဲဒီရှေ့မှာ ဈေးရောင်းနေတာဗျ။ အဲဒါ ခုနလေးတင်ပဲ တချက်ကြားလိုက်တယ်၊ ဗုံးလားဘာလားတော့ မသိဘူး၊ နှစ်ချက် သုံးချက် ထပ်ကြားမှပဲ ကျနော်တို့လည်း ကန်တော်ကြီးထဲကို ထွက်ပြေးတော့ အဲဒီမှာ တချို့လည်း ထိတဲ့လူတွေ ဘာတွေတော့ တွေ့တာပေါ့။ ခြေထောက်တွေ ဘာတွေ ထိကြတယ်၊ သေလား၊ မသေလားတော့ မသိဘူး။ ကျနော်တွေ့တာ လေးငါး ဆယ်ယောက်လောက် ရှိမယ်ဗျ။”

ဗုံးတလုံးနဲ့ တလုံးကို စက္ကန့်ပိုင်းလောက်ပဲခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“ပထမ တလုံးကတော့ ဘာမှန်းမသိဘူး၊ နောက် နှစ်လုံးမြောက်ကျတော့ နည်းနည်း သတိထားမိတယ်။ သုံးလုံးမြောက်ကျတော့ လူတွေအကုန်လုံး ပြေးကြတော့တာပဲ။ စက္ကန့်ဝက်လောက်ပဲ ရှိမယ်ထင်တယ်၊ ဗုံးဆို ထပ်ဖြစ်ပြီး၊ ဗုံးဆို ထပ်ဖြစ်ပြီး ကျနော်တို့လည်း သွားတာပဲ။”

အစိုးရရုပ်သံမှာရော ရေဒီယိုမှာပါ တရားဝင် နောက်ဆုံး သတင်းထုတ်ပြန်ချက်မှာတော့ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၈ ယောက် သေဆုံးပြီး ၉၄ ယောက် ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးက လာတဲ့ သတင်းရပ်ကွက်ကတော့ သေဆုံးသူ ၉ ယောက်ထက်မနည်း ရှိပြီးတော့ တော်တော်များများ ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ဗုံးကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် ရေကစားမဏ္ဍပ်တွေ ရှိတဲ့ ကန်တော်ကြီးတဝိုက်ကို လုံခြုံရေးတွေက ပိတ်ထားလိုက်ပါတယ်။ အခုလို ကန်တော်ကြီး X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးကွဲပြီးနောက် အစိုးရနဲ့ မကင်းကြတဲ့ သားသမီးတွေရဲ့ ရေကစား မဏ္ဍပ်တွေမှာ ဗုံးရှင်းလင်းရေး တပ်ဖွဲ့တွေ ရောက်လာကြတယ်လို့လည်း မျက်မြင်တွေက ပြောပြကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေ အားလုံးအတွက် ရေပေးချိန်ကိုလည်း ပုံမှန် သတ်မှတ်ချိန်ထက်စောပြီး သက်ဆိုင်ရာက ပိတ်လိုက်ပါတယ်။

မနေ့ ကြာသပတေးနေ့က ဗုံးကွဲပြီးတဲ့နောက် ညပိုင်း ရန်ကုန်မြို့ရဲ့ အခြေအနေကိုတော့ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“အခုပဲ ကန်တော်ကြီးဘက်က ပြန်လာတာ။ အဲဒီဘက်မှာ မဏ္ဍပ်တွေရှိတဲ့ဘက်က ပိတ်ထားတယ်။ ကန်တော်ကြီးက ကန်ပတ်လမ်း တောက်လျှောက် ရှိတာကိုး။ ကန်ပတ်လမ်းက အဲဒီအပိုင်းနဲ့ မဏ္ဍပ်တွေရှိတဲ့အပိုင်းပဲ ကွက်ပြီး ပိတ်ထားတာလေ။ ဟိုဘက် မဏ္ဍပ်မရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ဘက်ကျတော့ ဖွင့်ထားတယ်။ တခြားဘက်အပိုင်းကတော့ သွားလို့ရတယ်။ အဲဒီဘက်မှာတော့ ကားက မရှိသလောက် နည်းတယ်။ ညဘက်ပိုင်း ဖြစ်နေတာလည်း ပါတယ်၊ ဗုံးလည်း ပေါက်ထားတယ်ဆိုတော့။

“ခါတိုင်းထက် စာရင်တော့ ကားအသွားအလာလည်း နည်းတယ်။ မြို့ထဲဘက် အပိုင်းမှာတော့ ပုံမှန်ပါပဲ၊ တရုတ်တန်းတို့ ဘာတို့ဘက်မှာတော့ ပုံမှန်လို စည်ပါတယ်။ ဆေးရုံကြီးက အရေးပေါ်ဌာန လမ်းက ပိတ်ထားတယ်။ တခြမ်းပိတ်ထားတယ်။ သွားလို့ရတယ်။ ဒါပေမဲ့ အရေးပေါ်ဌာနထဲကို လူတိုင်းဝင်လို့ မရတော့ဘူး။ အဲဒီရှေ့မှာ အရေးပေါ်အဝကို ရဲကား ပိတ်ထားတယ်။”

လုံခြုံရေး အခြေအနေရော ဘယ်လိုတွေ့ရပါလဲ၊ မြို့ထဲမှာ လုံခြုံရေးတွေ ပိုပြီး တိုးချထားတာရော မြင်ရပါသလား။

“လုံခြုံရေး အခြေအနေလည်း အများကြီးတော့ မတွေ့ဘူး။ ဗုံးပေါက်တဲ့နားနဲ့ ဆေးရုံကြီး အရေးပေါ်ဌာန နားမှာတော့ ရဲကားတွေ ဘာတွေ ပိတ်ထားတာ တွေ့တယ်။ ကျန်တဲ့နေရာမှာတော့ သိသိသာသာ၊ ထင်ထင်ရှားရှား မတွေ့မိဘူး။”

လူသေဆုံးထားတဲ့အထိ ဗုံးတွေ ကွဲထားတယ်ဆိုတော့ လူတွေကရော ထိတ်လန့်နေတာမျိုး တွေ့ရလားရှင့်။

“ထိတ်လန့်တာတို့ ဘာတို့တော့ မတွေ့ဘူး။ စကားအဖြစ်တော့ ပြောကြတာပေါ့။ ဘာဖြစ်မှာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ အဲလိုပေါ့လေ။ နောက်နေ့ ဘာဖြစ်မလဲ၊ အဲလိုတော့ စဉ်းစားကြတာပေါ့လေ။ မဏ္ဍပ်သွားတဲ့လူ၊ အဲဒီအနား ပတ်ဝန်းကျင်က လူတွေကတော့ လန့်ရင် လန့်သွားမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးပေါက်တယ်၊ လူလည်း သေတာကိုး။”

ဗုံးကွဲပြီးနောက်ပိုင်း ရန်ကုန်မြို့က အခြေအနေကို မြို့ခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

သင်္ကြန်တွင်း ဗုံးကွဲမှုမျိုး မြန်မာနိုင်ငံမှာ အရင် တခါမှ မဖြစ်ဘူးတဲ့အတွက် စိုးရိမ်နေကြလို့ သင်္ကြန် နောက်ဆုံးရက်မှာ သားသမီးတွေကို အိမ်အပြင်ထွက် ရေမကစားခိုင်းတော့တဲ့ မိဘတွေလည်း ရှိကြပါတယ်။

ဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပေါက်ကွဲမှုတွေ ဖြစ်တဲ့အခါတိုင်း အစိုးရက သူတို့ကို ဆန့်ကျင်နေသူတွေရဲ့ လက်ချက် ဖြစ်တယ်လို့သာ စွပ်စွဲလေ့ရှိပြီး အတိအကျ ဘယ်သူက ဖောက်ခွဲတာလဲဆိုတာ တကယ်တမ်း သိနိုင်ဖို့က ခက်ခဲပါတယ်။ ဒါ့အပြင် အခုအချိန်ဟာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက စီစဉ်နေချိန်မျိုး ဖြစ်တာမို့လည်း အခုလိုမျိုး ဗုံးတွေ ပေါက်ကွဲတဲ့အပေါ်မှာ နိုင်ငံတကာကလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG