သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ


ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ

မြန်မာနိုင်ငံ ရန်ကုန်မြို့က ရိုးရာ အတာသင်္ကြန် ဆင်နွှဲနေတဲ့ နေရာမှာ ဗုံးတွေပေါက်ကွဲခဲ့လို့ သေကျေထိခိုက်မှုတွေ ကြုံရတဲ့အတွက် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မနေ့တုန်းက အတာသင်္ကြန် အကြတ်နေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစား မဏ္ဍပ်အနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေအတွင်း လူ ၈ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ အပေါ် ရှုတ်ချခဲ့ကြတာပါ။

အခုအချိန်အထိ ဘယ်သူဘယ်ဝါ လက်ချက်မှန်း မသိရပေမဲ့ အကြမ်းဖက် လုပ်ရပ် မှန်သမျှကို လက်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့က အခင်းဖြစ်ပွားပြီး နောက်မှာပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"ဘယ်သူ့လက်ချက်ဖြစ်တယ်၊ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ အပြစ်မဲ့ အရပ်သားတွေ ဓားစာခံဖြစ်ရတဲ့ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုမဆို ကျနော်တို့ကတော့ ရှုတ်ချပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်တွေ၊ ဘာတွေ ထွက်ပေါ်လာမလဲဆိုတာပဲ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။"

အလားတူ အရပ်သားတွေ သေကြေခဲ့ရတဲ့ သင်္ကြန်ကာလ ဗုံးခွဲမှုနဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံကလည်း ဒီကနေ့မှာ ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ နှစ်သစ်ကူး အချိန်ကာလမှာ အရပ်သား အများအပြား ထိခိုက် ဒဏ်ရာတွေ ရသူရ၊ သေဆုံးသူ သေဆုံး ဖြစ်ကြရတဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံက ရှုတ်ချကြောင်း၊ ထိခိုက်သေကြေသူတွေရဲ့ မိသားစုတွေကိုလည်း ဝမ်းနည်းစကားပါးလိုကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ မနေ့တုန်းက ဗုံးပေါက်ကွဲမှုတွေအတွင်း အနည်းဆုံး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၁၂၅ ဦးနဲ့ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရ သတင်းစာတွေမှာတော့ ရိုးရာ အတာသင်္ကြန် ဆင်နွှဲနေချိန် အဖျက်အမှောင့်သမားတွေရဲ့ ဖျက်လိုဖျက်ဆီး လုပ်တဲ့လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အဖျက်သမားတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုးပမ်းနေဆဲ ဖြစ်ပြီး၊ အသွင်ပုံစံ အမျိုးမျိုးနဲ့ရှိနေတဲ့ အဖျက်သမားတွေရဲ့ လုပ်ရပ်ကို သတိထားဖို့နဲ့၊ သက်ဆိုင်ရာကို အကြောင်းကြားဖို့ နှိုးဆော်ခဲ့ပါတယ်။

ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ မနေ့တုန်းကတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ တခြားမြို့ရွာ အသီးသီးမှာ သင်္ကြန်ကာလကို အေးအေးချမ်းချမ်း ဆင်နွှဲနေတယ်ဆိုပြီး ရေကစားနေတဲ့ ဓာတ်ပုံတွေနဲ့တကွ အစိုးရပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။ နေပြည်တော်က သင်္ကြန်ပွဲကိုတော့ သံတမန်အသိုင်းအဝန်းနဲ့ အစိုးရတာဝန်ရှိသူတွေ မနေ့တုန်းက ပါဝင် ဆင်နွှဲခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG