ကီရစ်ကစ္စတန်သမ္မတ ကူရ်မန်ဘက် ဘာကီးယက်ဗ် (Kurmanbek Bakiyev) နိုင်ငံကနေ ထွက်ပြေးပြီး၊ တရားဝင် နှုတ်ထွက်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက် ကြားဖြတ် အစိုးရကတော့ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတဟောင်းကို တရားဝင်တင်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ မစ္စတာ ဘာကီးယက်ဗ် အနေနဲ့ တရားမျှတမှုကနေ ရှောင်တိမ်းနိုင်မှာ မဟုတ်တဲ့အကြောင်း ကြားဖြတ်အစိုးရရဲ့ ခေါင်းဆောင် ရိုဇာ အိုတွန်ဘာရေဗား (Roza Otunbayeva) က ဒီကနေ့ ရုပ်မြင်သံကြားကနေ ပြောဆိုလိုက်တာပါ။
သမ္မတဟောင်းရဲ့ အစိုးရဟာ အာဏာအလွဲသုံးစားလုပ်တာ၊ အကျင့်ပျက်ခြစားတာတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း၊ သူ့ရဲ့ ဇနီးသည်နဲ့ သားသမီး ၂ ဦးတို့ အခုအခါ ရောက်ရှိခိုလှုံနေတဲ့ ကာဇက်စတန်နိုင်ငံကနေ ညကပဲ ဖက်စ်ကနေ ပေးပို့လာတဲ့ နှုတ်ထွက်စာကိုလည်း ကြားဖြတ်အစိုးရ ခေါင်းဆောင် မစ္စ အိုတန် ဘာရေးဗာ က ဖတ်ပြခဲ့ပါတယ်။
သမ္မတဟောင်း နိုင်ငံကနေထွက်ခွာဖို့ အတွက်ကိုတော့ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ကာဇက်စတန် နဲ့ ဥရောပသမဂ္ဂ တို့က ကြားဝင်စေ့စပ်သူတွေက စီစဉ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းသူတွေ စိုးရိမ်နေကြတဲ့ ပြည်တွင်းစစ်ဖြစ်မယ့် အခြေအနေတွေရှိနေချိန်မှာ သမ္မတ နိုင်ငံကနေ ထွက်ခွာသွားတဲ့အတွက် နိုင်ငံမှာ တည်ငြိမ်မှုတွေ ပြန်လည်ရရှိစေမယ့် မျှော်လင့်ချက်တွေလည်း ပြန်လည် ပေါ်ထွက် လာခဲ့တာပါ။
တချိန်တည်းမှာပဲ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကတော့ ဒီကနေ့မှာ သမ္မတဟောင်းရဲ့ မဟာမိတ်တွေကို ဖမ်းဆီး ထိန်းသိမ်းမှုတွေနဲ့ အာဏာကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။