သုံးရလွယ်ကူစေသည့် Link များ

သံလွင်ပေါ်က ရေကာတာ


တရုတ်ပြည်ကို လျှပ်စစ်ဓါတ်အားပေးပို့ရေးအတွက် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်တဲ့ စီမံကိန်း စတင်အကောင်အထည် ဖော်နေပါပြီ။ သံလွင်ရေကာတာ စီမံကိန်းကိုတော့ မြန်မာဘက်ကရော ထိုင်းဘက်ကရော ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ဆိုင်းငံခဲ့ရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ တရုတ်အစိုးရပိုင် ကုမ္မဏီ (၃) ခု သံလွင်ရေကာတာ စီမံကိန်းကို ဦးဆောင်အကောင်အထည် ဖော်ဖို့ဆုံးဖြတ်ပါတယ်။ တရုတ်၊ မြန်မာ၊ ထိုင်း (၃) နိုင်ငံ ဖက်စပ်စီမံကိန်းဖြစ်ပြီး ထုတ်လုပ်မယ့် ရေအားလျှပ်စစ်ကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ရောင်းချပါလိမ့်မယ်။

အမေရိကန်ဒေါ်လာ သန်း (၉၀၀၀) ရင်းနှီးပြီး မဲဂါဝပ် (၇၀၀၀) ကျော် ထုတ်လုပ်မယ့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းပါ။ ဆောက်လုပ်ပြီးစီးသွားရင် အရှေ့ တောင်အာရှမှာ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာပါလိမ့်မယ်။ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့ အပိုင်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေရှိတဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းက တာဆန်းရေကာတာကို အရင်ဆုံး တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပုံရပါတယ်။ ယူနန်ပြည်နယ်အပိုင်းမှာ ရေကာတာ တည်ဆောက်ခွင့် ရပ်ဆိုင်းထားတဲ့အတွက် မြစ်လက်တက်မှာ ရေကာတာ အသေးစားတခုသာ တည်ဆောက်နိုင်ပါသေးတယ်။ မြန်မာနဲ့ ထိုင်းကို ပိုင်းခြားထားတဲ့ သံလွင်မြစ်အပိုင်းက ရေကာတာ စီမံကိန်းကိုလည်း ရပ်ဆိုင်းထားပါတယ်။

ရေကာတာတည်ဆောက်တဲ့အတွက် အဓိက အကျိုးကျေးဇူး (၃) ခု ရနိုင်ပါတယ်။ တရုတ်ပြည်မှာလို မြစ်ရေလွှမ်းမိုးတာကို ဟန့်တားနိုင်ပါတယ်။ ရေအားလျှပ်စစ်စက်ရုံက လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်ပါတယ်။ ရေကာတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆည်ကနေ ရေသွယ်ယူပြီး စိုက်ပျိုးရေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သံလွင်မြစ်မှာ ရေလွှမ်းမိုးတဲ့ အန္တရာယ် မရှိပါဘူး။ သံလွင်ရေအားလျှပ်စစ်ဟာ ပြည်တွင်းမှာ သုံးစွဲဖို့မဟုတ်ဘဲ ပြည်ပကို ရောင်းစားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သံလွင်မြစ်အောက်ပိုင်း ရှမ်း၊ ကရင်နီ နဲ့ ကရင်ပြည်နယ်မှာ ရေကာတာ (၅) ခု ဆောက်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကို ဒေသခံ တိုင်းရင်းသားနဲ့ နိုင်ငံခြားရောက် မြန်မာပြည်သားတွေ ကန့်ကွက်နေတာ အတော်လေးကြာနေပါပြီ။

သံလွင်မြစ်ဝှမ်းဒေသမှာ နေထိုင်သူ (၆) သန်းလောက် ရှိမယ့်လို့ ခန့်မှန်းထားပါတယ်။ ရှမ်း၊ ကိုးကန့်၊ ဝ ၊ လားဟူ၊ ပအို့၊ ပဒေါင်၊ အခါ၊ ကရင်၊ ကရင်နီ နဲ့ မွန်စသဖြင့် လူမျိုးပေါင်းစုံနေထိုင်ရာ မြစ်ဝှမ်း ဖြစ်ပါတယ်။ သံလွင်မြစ်မှာ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားထုတ်ယူမယ့် အစီအစဉ်မှာ အကျိုးအမြတ်ခံစားရမှာက ဗမာစစ်အစိုးရ၊ ထိုင်း နဲ့ တရုတ်တို့သာ ဖြစ်ပြီး ဒေသခံ ပြည်သူလူထုကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာများတာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ အန်ဂျီအို (NGO) တသီးပုဂ္ဂလအဖွဲ့တွေ စုပေါင်းပြီး ၁၉၉၉ မှာ Salween Watch (ခေါ်) သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်ထားပါတယ်။ ရည်ရွယ်ချက်က ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ဖို့ နဲ့ သံလွင်မြစ် ထိန်းသိမ်းရေး သဘောတရားကို နားလည်အောင် ပညာပေးဖို့ ဖြစ်ပါတယ်။

ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးမယ့် ဒေသခံတွေကလည်း Burma Rivers Network (ခေါ်) မြန်မာ့မြစ်ချောင်းများကွန်ယက်အဖွဲ့ကို ဖွဲ့စည်းပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် တာဆန်းရေကာတာဟာ အကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် တာဆန်းဆည် ဖြစ်ပေါ်လာရင် ရေမြုပ်မယ့် နေရာတွေ ပိုများပါတယ်။ ဒီဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတာကို အကြောင်းပြပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ဒေသခံတွေကို အတင်းအဓမ္မ ရွှေ့ ပြောင်းတာမို့ တာဆန်းစီမံကိန်းကို လူသိများပါတယ်။ တာဆန်းဟာ သံလွင်မြစ်ကို ဖြတ်ကူးနေကျဖြစ်တဲ့ ကုတို့လှေဆိပ်အဖြစ် အရေးပါခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရက တာဆန်းတံတားကို ဆောက်လုပ်ပြီး ၁၉၉၈ က စတင်အသုံးပြုနေပါတယ်။ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှာ ပြည်မကသာ အကျိုးခံစားရပြီး ကရင်နီဒေသဟာ အမှောင်ဖုန်းနေတုန်းလို့ ဆိုပါတယ်။

ပြည်သူလူထုအကျိုးကို (၂၄) နာရီပတ်လုံး သယ်ပိုးနေသော ဘီးလူးချောင်းရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဆိုတဲ့ အနှစ် (၅၀) ပြည့်ဆောင်းပါးကို မတ်လ (၂၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ လောပီတ လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ပုံကို အသေးစိတ်ရေးသားပြီး ပထမဆုံးသော ရေအားလျှပ်စစ်စီမံကိန်းကို အောင်မြင်ကြောင်း ဖော်ပြတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လောပိတရေအားလျှပ်စစ်ကြောင့် ဒုက္ခရောက်ပြီး ဘဝပျက်သွားရတဲ့ ကရင်နီ/ကယားတိုင်းရင်းသားတွေအကြောင်းကို ပထမဦးဆုံး တင်ပြသူဟာ ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဖြစ်နေပါတယ်။

လောပိတ ရေအားလျှပ်စစ် စီမံကိန်းက ရရှိတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့ စာမျက်နှာ (၈၆) မျက်နှာ စာတမ်းကို အင်္ဂလိပ်-မြန်မာ-ထိုင်း-တရုတ် (၄) ဘာသာနဲ့ ၂၀၀၄ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ တကယ်တော့ သံလွင်မြစ်ရေကာတာ စီမံကိန်းကို ဒေသခံတွေက ဆန္ဒပြကန့်ကွက်နေတာ (၁၀) နှစ်ကျော်နေပါပြီ။ ယူနန်ပြည်နယ်မှာ ကန့်ကွက်ဆန္ဒပြတာကို တရုတ် အစိုးရက ဂရုပြုတဲ့အတွက် ရေကာတာ စီမံကိန်းတွေကို ရပ်ဆိုင်းထားပါတယ်။ မြန်မာပြည်မှာတော့ လူထုဆန္ဒကို လေးစားမှု မရှိတာကြောင့် သံလွင်ရေကာတာ စီမံကိန်း အကောင်အထည်ဖော်ဖို့ တရုတ်ကုမ္မဏီတွေ စီစဉ်ထားတာ ဖြစ်ပုံရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG