သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ


မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ
မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ် အချို့ ပျက်စီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်း အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ် အတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူ ဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦးမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်စီးနေပြီ။ အထိအခိုက်တော့ ၁ယောက် ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်လို့တော့ ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ် ရှင့်။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေ့ါနော်၊ အဲလိုမျိုး ပျက်စီးသွားတယ် ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျှောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာ၀ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီ ရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါ တယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်စီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက် ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင် တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစား မဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီ ဖြစ်တာ ကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG