ကွယ်လွန်သူ ပိုလန်သမ္မတ လက်ချ် ကာဇင်းစကီး (Lech Kaczynski) နဲ့ ဇနီးသည်ဖြစ်သူ မာရီယာ (Maria) တို့ရဲ့ ဈာပနကို နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကရာကောင်း (Krakow) မြို့မှာ နိုင်ငံတော် အခမ်းအနားနဲ့ ဒီကနေ့ ကျင်းပသဂြုႋဟ်ပါတယ်။
ဧပြီလ ၁၀ ရက်နေ့တုန်းက ရုရှားနိုင်ငံမှာ လေယာဉ်ပျက်ကျရာက သေဆုံးသူ ၉၆ ယောက်ထဲက သူတို့ ၂ ဦး ရဲ့ ဈာပနတွေကို ကျင်းပခဲ့ကြတာပါ။
စိန့်မေရီ ဘုရားကျောင်းကို သမ္မတနဲ့ သမ္မတ ကတော်တို့ရဲ့ အခေါင်းတွေကို သယ်ယူသွားရာ ကရာကေင်းမြို့က လမ်းတလျှောက် ဝမ်းနည်း ကြေကွဲနေကြတဲ့ ပိုလန်နိုင်ငံသား ထောင်ပေါင်းများစွာက တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ သူတို့ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို သမိုင်းဝင် ဝါဝဲလ် ကက်သီဒရယ်လ် (Wawel Cathedral) ဘုရားကျောင်းမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။ ဒီကနေ့ အစောပိုင်းမှာပဲ ဝါဆောမြို့တော်ကနေ ရုပ်အလောင်းတွေကို လေယာဉ်နဲ့ သယ်ယူလာခဲ့တာ ဖြစ်ပါတယ်။
ဥရောပ မြောက်ပိုင်းတခွင် ဖုံးလွှမ်းနေတဲ့ အိုက်စ်လန်နိုင်ငံက မီးတောင်ပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပြာမှုန်တွေကြောင့် လေယာဉ်ကိုတော့ ခပ်နိမ့်နိမ့်ကနေ ပျံသန်းလာခဲ့ရတာပါ။ ဈာပန အခမ်းအနားကို နိုင်ငံအဝန်း သီတင်းတပတ်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့တုန်းကတော့ လေယာဉ်ပျက်ကြရမှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတခုကို ဝါဆောမြို့လယ်ခေါင်က ရင်ပြင်မှာ ကျင်းပရာမှာ လူပေါင်း ထောင်သောင်းချီ တက်ရောက်ခဲ့ကြတာပါ။
ကရာကောင်းမြို့က နိုင်ငံတော် ဈာပနကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင် အတော်များများက စီစဉ်ခဲ့ကြပေမဲ့ မီးတောင်ပြာတွေကြောင့် အန္တရာယ်ရှိနေတာမို့ ဒီအထဲက အများအပြားက ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။