ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အချာကျတဲ့ နေရာတွေမှာ အနီဝတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ မစုရုံးနိုင်အောင် သံဆူးကြိုးတွေနဲ့ ကာရံထားပြီး လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့တွေက နေရာယူထားလိုက်ပါပြီ။
စီးပွားရေး လုပ်ငန်းကြီးတွေရှိတဲ့ စီးလုံလမ်းမကြီးမှာ ဆန္ဒပြသူတွေ မ၀င်ရောက်နိုင်အောင် ဟန့်တားဖို့အတွက် လိုအပ်ရင် အင်အားသုံးဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မနေ့ကတည်းက ပြောဆိုထားပြီး ဖြစ်ပါတယ်။
အစိုးရဆန့်ကျင်ရေး အနီဝတ် ဆန္ဒပြသူတွေက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) အစိုးရ ထွက်ပေးပြီး ရွေးကောက်ပွဲအသစ် ကျင်းပရေးအတွက် တောင်းဆို ဆန္ဒပြပွဲကို ထပ်ပြီးလုပ်ဖို့ စိုင်းပြင်းနေကြတာကြောင့် အစိုးရက စီးလုံရပ်ကွက်ကို သူတို့မ၀င်ရ နယ်မြေအဖြစ် ကန့်သတ်ထားလိုက်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာ အနီဝတ်တွေက အင်နဲ့အားနဲ့ ထပ်ပြီး ဆန္ဒပြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အနီဝတ် ဆန္ဒပြသူတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှောင် ဘွန်ပရာကွန်း (Sean Boonpracong) က ပြောဆိုလိုက်ပါတယ်။
အနီဝတ် ဆန္ဒပြ ခေါင်းဆောင်တချို့ကတော့ အခုလို စစ်သားတွေ အများကြီး ချထားတာ တွေ့ရလို့ စိတ်ပူပန်တဲ့ အကြောင်းနဲ့ စစ်မြေပြင်ကို ရောက်နေသလို ခံစားရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အနီဝတ်တွေ ထောင်သောင်းချီ စုဝေးခဲ့တဲ့ နေရာတွေမှာ လူအုပ်နဲ့ ထပ်ပြီး ဆန္ဒမပြနိုင်အောင် စစ်ကြောရေးစခန်းတွေ ဖွင့်ပြီး စိစစ်နေရတယ်လို့ စစ်တပ် ပြောခွင့်ရသူက ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၁၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။