သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ဗုံးကွဲမှု လူ ၃ ဦး ဖမ်းဆီးခံရ


သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီး အဖမ်းအဆီးအချို့ ရှိခဲ့ပါတယ်။ အရင် မြို့ပေါ်တွေ ဗုံးကွဲမှုတွေ ဖြစ်လေ့ရှိတိုင်း နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ရှိတာကြောင့် အခုအခြေအနေမှာလည်း အလားတူ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မေးမြန်းတာတွေလုပ်မှာ စိုးရိမ်တယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ အဖမ်းအဆီးတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန် ကန်တော်ကြီး ဗုံးကွဲပြီးပြီးချင်းမှာတော့ အနီးအနားမှာ ကင်မရာသမားတဦး အဖမ်းခံခဲ့ရပါတယ်။ နောက်တနေ့မှာတော့ အာဏာပိုင်တွေက သူ့အိမ်ကို ဝင်ရှာပြီး ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးသွားပါတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်တဲ့ ဦးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် သားအဖ နှစ်ယောက်စလုံး အဖမ်းခံရသလဲ၊ ဘာပြစ်မှုနဲ့ အရေးယူထားလဲ၊ သူတို့ကို လက်ရှိ ဘယ်မှာထားသလဲ၊ ကျန်မိသားစုဝင်တွေ ဘာမှ မသိရသေးပါဘူး။ အိမ်ကို လာရောက် ဖမ်းဆီးတော့လည်း အာဏာပိုင်တွေဘက်က ဘာမှ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ ဦးဇေယျရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျမကတော့ ရိပ်သာသွားနေလို့ အမေပြောပြလို့ သိတာကတော့ အိမ်ရောက်လာတယ်၊ ပစ္စည်းတွေ နည်းနည်းပါးပါးရှာတယ်၊ အခွေတွေ ဖွင့်ကြည့်ပြီးတော့ မိုးချုပ်တော့ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဒါပဲတဲ့၊ အဲဒီလိုပြောတာပဲ။”

ကင်မရာရိုက်မှုလို့ ပြောတယ်၊ ဟုတ်ပါသလား။

“အဲဒါက သားအငယ်ရှင့်။ ဖြစ်ပျက်နေတုန်း အဲဒီမှာ ရိုက်နေတုန်း မိတာ။”

ဦးဇေယျက အိမ်ကိုလာခေါ်တာပေါ့။

“ဟုတ်ကဲ့၊ အိမ်ကိုလာခေါ်တာပါ။”

သူတို့နှစ်ယောက် အခုခေါ်သွားတဲ့ကိစ္စ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အမတို့ သိရပြီလား။

“အဲလိုတော့ မပြောတတ်ဘူး၊ ကျမလည်း မစုံစမ်းတတ်တာနဲ့ ဒီအတိုင်းပဲ နေလိုက်တယ်။”

ဘာမှလဲ လာမပြောဘူးလား။

“ဟုတ်ကဲ့၊ အဲဒီလိုတော့ မပြောဘူး။ နောက်နေ့ ဖုန်းလာသိမ်းတယ်၊ ဦးဇေယျရဲ့ဖုန်းကို လာယူတယ်။ ဘာမှတော့ မပြောဘူး။ ဖုန်းပဲ ပေးလိုက်ပါဆိုပြီး လာယူတယ်။”

လာယူတဲ့ အာဏာပိုင် အဖွဲ့အစည်းက ဘယ်ကလဲ မသိဘူး။

“ရောက်ရောက်ချင်း ကျနော်တို့ ရန်ကုန်က ရဲတပ်ဖွဲ့က အဲဒီလိုမျိုးလေးပဲ ပြောလိုက်တယ်။ ကျမ သေချာ မမှတ်မိလိုက်ဘူး။ အရပ်ဝတ်နဲ့ပဲ။ ဇဝေဇဝါ မဖြစ်အောင်တော့ သူတို့က ရဝတတော့ ခေါ်ခဲ့တယ်။ ရဝတရှေ့မှာပဲ ပစ္စည်းသိမ်းတယ်။ ကျမက အပ်ပေးရတဲ့သဘော။ ကျမလည်း အဲဒီတုန်းက ခေါင်းစီး မဖတ်လိုက်မိဘူး။ ကိုယ်လည်း လက်မှတ်ထိုးပေးလိုက်တယ်၊ ပစ္စည်းကို အပ်တဲ့အကြောင်း။ ပြီးတော့ သူတို့က ရဝတကို သက်သေလုပ်ခိုင်းတယ်၊ ဒါပဲ။”

ပထမအကြိမ် ဖမ်းတုန်းကတော့ အခွေတွေ သိမ်းသွားတယ်ပေါ့။ ကင်မရာတို့ ဘာတု့ိရော သိမ်းလား။

“ဟုတ်ကဲ့။”

ဒုတိယအကြိမ် လာသိမ်းတော့ ဘာသိမ်းသွားလဲ။

“ဖုန်းပဲသိမ်းတာ။”

သူတို့က NLD အဖွဲ့ဝင်တွေ ဘာတွေရော ဟုတ်လား။

“အဲလိုတော့ မဝင်ဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမကလည်း အမှုထမ်းဆိုတော့။ အရင် မိုးကုတ်မှာ နေကတည်းက မဝင်ဘူးရှင့်။”

လတ်တလော ဦးဇေယျက ဘာအလုပ် လုပ်နေပါလဲ။

“ဦးဇေယျက ပန်းချီလည်းလုပ်တယ်။ မျက်နှာဖုံး ဂရပ်ဖစ် ဒီဇိုင်းတွေလည်း ရေးတယ်။”

သားနာမည်က ဘယ်လိုခေါ်ပါသလဲ။

“စည်သူဇေယျပါ။”

သူကရော ဘာလုပ်ပါလဲ။

“သူက အခုမှ ကျောင်းပြီးတယ်၊ ပန်းချီပေါ့၊ ပန်းချီကျောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။”

အဲဒီနေ့က ကင်မရာ သွားရိုက်တယ်ဆိုတာ ဘယ်လိုလဲ။

“အပျော်တမ်းပေါ့။ သူက အရင်ပြောဖူးတယ် သတင်းထောက် လုပ်ချင်တယ်ဆိုပြီး၊ သတင်းထောက်က မလွယ်ဘူးနော်လို့ အဲဒီလိုတော့ ကျမ သတိပေးလိုက်တယ်။ နောက်တော့လည်း စကား မဆက်စပ်မိဘူးပေါ့နော်။ အဲဒီလိုပဲ လုပ်နေတုန်း အခုမှ ကျောင်းပြီးတာ ဘာမှ မကြာသေးဘူးလေ။”

ဦးဇေယျဟာ ၁၉၇၀ ကျော်ပိုင်းတုန်းက နိုင်ငံရေးပုဒ်မနဲ့ အထိန်းသိမ်း ခံရဖူးသူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် သင်္ဃန်းကျွန်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးလည်း အဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်၊ မပတ်သက် မသိရပေမဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ အသိုင်းအဝိုင်းအဖို့တော့ ဗုံးကွဲပြီးနောက်ပိုင်း သူတို့လုံခြုံရေးအတွက် စိတ်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့်လည်း အေအေပီပီ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခိုင်ခိုင်လုံလုံ ဘာမှမရှိဘဲ အာဏာပိုင်တွေဘက်က ခေါ်ယူဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရင်တုန်းကလည်း ဗုံးကွဲမှုတွေ ဖြစ်ပြီးနောက် နိုင်ငံရေး လှုပ်ရှားသူအချို့ တကယ်မပတ်သက်ဘဲ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ နောက်ဆုံး ထောင်ချခံရတာတွေအထိ ရှိခဲ့တယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“သူတို့တွေကို မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖက ဒီလို ဗုံးကွဲမှုတွေ ပြီးတိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တချို့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး မတရား စစ်ဆေးလေ့ရှိတယ်။ ကျနော်တို့ဆီမှာ သာဓကတွေလည်း ရှိတယ်။

“ဥပမာ သန့်ဇော်နဲ့ ညီညီဦးဆိုရင် သန်လျင် ရေနံချက်စက်ရုံမှာ ၁၉၈၉ ခုနှစ်က ဗုံးကွဲမှု ဖြစ်ခဲ့တယ်။ တကယ်တော့ သူတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တယ်။ ဒီဗုံးကွဲမှုနဲ့ လုံး၀ မပတ်သက်ဘူး။ ဒါပေမဲ့ သူတို့ကို ဖမ်းထားပြီး သေဒဏ်ချတယ်။ ထောင်ထဲမှာ ၂၁ နှစ်ရှိပြီ၊ အခုထိ မလွတ်သေးတာမျိုးတွေ ရှိတယ်။ ဒီလို အစဉ်အလာတွေ ရှိတဲ့အခါကြတော့ ကျနော်တို့က မဆိုင်တဲ့လူတွေ အများကြီး အဖမ်းခံရမှာ၊ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အညှိုးတကြီးနဲ့ ဖမ်းဆီး နှိပ်စက်မှာတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။”

သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုကြောင့် သေဆုံးသွားတဲ့ ၈ ဦးထဲမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိန်း ပါဝင်သလို အခြား လုံခြုံရေး တာဝန်ရှိသူ အချို့နဲ့ အရပ်သား စုစုပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG