သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မြန်မာစစ်အစိုးရကို ဂျပန်၊ မလေးရှား တိုက်တွန်း


<!-- IMAGE -->

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပါဝင်နိုင်ဖို့ ဂျပန်နဲ့ မလေးရှား ခေါင်းဆောင်တွေက ဒီနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလေးထားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေး တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က သူ့ရဲ့ ပထမဆုံး ဂျပန်နိုင်ငံ ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နှစ်နိုင်ငံ အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံ အရေးကိုပါ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဆိုးဘားရှိမ ဟိတနိုဘူးက ပြောပါတယ်။

“နှစ်နိုင်ငံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှိဖို့ အရေးကြီးတာကို ထောက်ပြခဲ့ကြပြီး ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှုရှိဖို့ အပြင် အဖွဲ့အစည်း အသီးသီးက ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာပါ။”

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ တည်ငြိမ်မှု မရှိဘူးလို့ အာရှ ခေါင်းဆောင်တွေနဲ့ တကွ နိုင်ငံတကာကပါ လက်ခံထားကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ နိုင်ငံရေး ပါတီတွေအတွက် အကန့်အသတ်၊ အချုပ်အချယ်တွေ များပြီး တရားမျှတမှု မရှိတာမို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက မှတ်ပုံမတင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ နိုင်ငံတကာကလည်း ဒီဥပဒေတွေအတွက် ဝိုင်းဝန်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဖွဲ့အစည်း အားလုံး ပါဝင်စေဖို့အတွက် အထူးလိုလားတဲ့ အပြင် ဒီလို ပါဝင်လာအောင် လုပ်ဆောင်ပေးဖို့လည်း မြန်မာအစိုးရကို ပန်ကြားနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က…

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဂျပန်နိုင်ငံနဲ့ ဂျပန်အစိုးရတို့ဟာ သူ့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ သူနဲ့တကွ မြန်မာနိုင်ငံထဲက သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ မြင်ချင်ပါတယ်။” လို့ ပြောသွားပါတယ်။

မလေးရှားနဲ့ ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက်ထဲမှာလည်း ဒါကိုပဲ အဓိကထား ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဧပြီလကစပြီး အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ယူကီအို တကဆုက ဒီရွေးကောက်ပွဲမှာ အုပ်စုအားလုံး မပါဝင်နိုင်ရင် နိုင်ငံတကာက လက်ခံနိုင်တဲ့ အနေအထားမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား ပါသင့် ပါထိုက်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးရင် ဂျပန်အစိုးရဘက်က မြန်မာနိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို ရပ်တန့်မယ်လို့ မတ်လကုန်က ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်က တဆင့် ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှု ဆိုင်ရာ လက်ရှိသဘောထားကို မေးကြည့်တဲ့ အခါမှာတော့…

“မြန်မာနိုင်ငံအတွက် ကျနော်တို့ ပေးနေတဲ့ ထောက်ပံ့ ကူညီမှုတွေကို သတိကြီးကြီးထားပြီး အကန့်အသတ်နဲ့ ဆက်ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် ပြောရရင် ဒီထောက်ပံ့ ကူညီမှုတွေကို ရပ်ထားပါတယ်။ ဆက်ပေးမယ် ဆိုရင်လည်း ချွင်းချက်တော့ ရှိပါတယ်။ ဒီထောက်ပံ့ ကူညီမှုတွေဟာ NGO တွေကတဆင့် ဒါမှမဟုတ် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီကို လိုအပ်နေတဲ့ လူတွေရဲ့လက်ထဲ ရောက်တဲ့ ကိစ္စမျိုးတွေပဲ ဖြစ်မှာပါ။” လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဆိုးဘားရှိမ ဟိတနိုဘူးက ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG