သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို


မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို
မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို

ကချင်ပြည်နယ် မြစ်ဆုံဗုံးကွဲမှုမှာ KIO ခေါ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့က သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားပါတယ်။ ဒါဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO အဖွဲ့အကြား ဆက်ဆံရေး အပြောင်းအလဲ ဖြစ်နိုင်သလား ဆိုတာနဲ့ ကချင်ပြည်နယ် အတွင်းက နောက်ဆုံး အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလ ၁၇ ရက်နေ့မနက် အစောပိုင်းက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Asia World ကုမ္ပဏီရုံး အဆောက်အဦးမှာ အနည်းဆုံး ဗုံး ၁၀ လုံးလောက် ဆက်တိုက် ပေါက်ကွဲခဲ့တာပါ။ ဒီလို ပေါက်ကွဲပြီးတဲ့နောက်မှာ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာကြောင့် KIO အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ဟာ ၁၈ ရက်နေ့က မြစ်ကြီးနားကို သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီပေါက်ကွဲမှုဟာ KIO နဲ့ မပတ်သက်တာကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ နှစ်ဘက် ဆွေးနွေးပွဲအပြီးမှာ KIO ထိပ်တန်းအရာရှိ တဦးက အခုလို ထုတ်ဖော်ပြောဆိုပါတယ်။

“အဓိကကတော့ ဒီကိစ္စမှာ ကျနော်တို့ KIO က ပါဝင်ပတ်သက်မှု မရှိဘူး ဆိုတာကို သွားရှင်းပြတာပါ။ ကျနော်တို့ ပါဝင်ပတ်သက်မှု မရှိဘူး။ နောက် ကျနော်တို့ကလည်း ဒီကိစ္စအပေါ်မှာ စုံစမ်းမှုတွေ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကျနော်တို့ လုပ်မယ်ပေါ့။ အဲလိုမျိုးလေးတွေ ဆွေးနွေးခဲ့ကြတာပေ့ါ။ နားလည်မှု ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ကျနော်တို့ဟာ မဟုတ်တဲ့အခါကျ တခြား ထူးထူးခြားခြား ပြောင်းလဲဖို့တော့ မရှိပါဘူး။”

လွန်ခဲ့တဲ့ မတ်လလယ်လောက်က ဗန်းမော်ခရိုင် အတွင်းမှာ ဗုံးအလုံး ၃၀ ကျော်လောက် ဖမ်းဆီးရမိခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာစစ်အစိုးရဘက်က KIO အဖွဲ့ အပေါ်မှာ သံသယရှိတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေပါတယ်။

ဗုံးပေါက်ကွဲတာဟာ အပစ်ရပ် KIO အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုထားပြီး KIO အဖွဲ့ကလည်း သဘောမတူညီနိုင်ကြောင်း လူထုရှင်းလင်းပွဲ ပြုလုပ်ပြီးချိန်မှာ ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေ တင်းကျပ်လာတာကိုတော့ ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

“ဗုံးပေါက်တဲ့ နေ့ကနေ စပြီးတော့မှ ကချင်ပြည်နယ် အရှေ့ဘက် ဆက်သွယ်တဲ့ လမ်းမကြီးတွေ ဖြစ်တဲ့ မြစ်ကြီးနား ဝိုင်းမော် ဗန်းမော်လမ်း၊ နောက် မြစ်ကြီးနား ဝိုင်းမော် ကန်ပိုက်တီးလမ်း၊ ဗန်းမော် ကိုင်ထေ့ နမ့်ခမ်း မူဆယ် အဲလိုမျိုး အဓိက လမ်းတွေပေါ်မှာ စစ်ဆေးရေး လုပ်ငန်းတွေကို ငြိမ်းချမ်းရေး မတိုင်ခင် စစ်ပွဲဖြစ်တဲ့ အခြေအနေလိုမျိုး ဂိတ်တွေ အများကြီး ဖွင့်ပြီးတော့မှ စစ်ဆေးမှုတွေ အကြီးအကျယ် လုပ်နေတာပေါ့။ စစ်ဆေးမှု ဆိုတဲ့နေရာမှာ ကိုယ်ခန္ဓာကိုရော သူတို့စစ်တယ်။ ပစ္စည်းတွေကအစ အားလုံး မှတ်ပုံတင်ကအစ စစ်တယ်ပေါ့။”

အဲလို စစ်ဆေးတဲ့ နေရာမှာ KIO အရာရှိတွေကိုပါ စစ်ဆေးနေတာ ဖြစ်တယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။

အခုအခါမှာ မြစ်ဆုံဒေသက ဗုံးပေါက်ကွဲခဲ့တဲ့ အဆောက်အဦးတွေရှိရာ နေရာမှာ အရပ်သားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့လည်း သိရပါတယ်။

မြစ်ဆုံ ဗုံးပေါက်ကွဲမှုမှာ ဗုံး ၁၀ လုံး၊ ၄ နေရာမှာ ပေါက်ကွဲခဲ့ပြီး လူတယောက်သာ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်း တည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာ ဖြစ်ပါတယ်။

ကချင် သဘာဝပတ်ဝန်းကျင် အဖွဲ့က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော်နဲ့ လူ ၁၀,၀၀၀ လောက် နေရာ ပြောင်းရွှေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG