သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး တင်းကျပ်မှုကြောင့် ရှပ်နီတွေ ဆန္ဒပြမှု ဖျက်သိမ်း


ထိုင်းအစိုးရ ဆန့်ကျင်ရေး အနီဝတ် ဆန္ဒပြသူတွေကို လူစုခွဲဖို့ အင်အားသုံး နှိမ်နင်းမယ်လို့ ထိုင်းစစ်တပ်က သတိပေးထားတာကြောင့် အနီဝတ်တွေ ဘန်ကောက်မြို့လယ်မှာ ဒီနေ့ ဆန္ဒပြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြပါတယ်။

နိုင်ငံခြားဘဏ်တွေ ဖွင့်ထားတဲ့ ဘန်ကောက်မြို့လယ်ကောင်မှာ ရှိတဲ့ စီးလုံ လမ်းမကြီးတလျှောက် ကုန်တိုက်ကြီးတွေမှာ အနီဝတ်တွေက အင်အားပြ စခန်းချထားကြလို့ ဖြစ်ပါတယ်။

<!-- IMAGE -->

ဘန်ကောက်မြို့လယ်ကောင်က စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကို ထိုင်းစစ်တပ်က သံဆူးကြိုးတွေနဲ့ ကာရံထားပြီး နေရာယူထားပါတယ်။ အဲဒီနေရာတွေကို ဆန္ဒပြသူတွေက ကျော်ဖြတ် ၀င်ရောက်ခဲ့မယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့ အပစ်ခံရမယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက ဒီနေ့ သတင်းထောက်တွေကို ပြောပြပါတယ်။

အနီဝတ်တွေ လုံခြုံရေးစည်းကို ကျော်ခဲ့ရင် တကယ့်ကျည်ဆံပါတဲ့ သေနတ်နဲ့ ပစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ အကြောင်းကိုလည်း ပြောပါတယ်။

အနီဝတ် ဆန္ဒပြ ခေါင်းဆောင်တဦးကတော့ ထိုင်းကာကွယ်ရေး ဦးစီးချုပ် အနုပွန် (General Anupong Paochinda) နဲ့ ညတွင်းချင်း သူတို့ ဆွေးနွေးနိုင်ခဲ့လို့ ဒီနေ့ အခြေအနေ အေးအေးဆေးဆေး ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) အစိုးရ ဖြုတ်ချရေး၊ လွှတ်တော် ဖျက်သိမ်းရေး၊ ရွေးကောက်ပွဲအသစ် ကျင်းပရေးအတွက် ဘန်ကောက်မြို့လယ် လူစည်ကားတဲ့ စီးလုံရပ်ကွက်မှာ အနီဝတ်တွေ စခန်းချ ဆန္ဒပြနေကြလို့ ထိုင်းအစိုးရက အဲဒီနယ်မြေကို မသွားရ နယ်မြေအဖြစ် ကန့်သတ် ကြေညာထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG