သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးနဲ့မဖြေရှင်းဖို့ KIA သတိပေး


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရက စစ်ရေးနဲ့ နှိမ်နင်းမယ်ဆိုရင် အမှားကြီး မှားလိမ့်မယ်လို့ KIA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ KIA အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာစစ်အစိုးရက ပြောဆိုထားပါတယ်။ KIO ဘက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ပြည်ထောင်စု တပ်မတော်ထဲမှာ တပ်တခုအနေနဲ့ ပါဝင်လိုတဲ့အကြောင်း တုံ့ပြန် ပြောဆိုနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက စတင် ဆွေးနွေးခဲ့ပြီး အကြောင်းပြန်ဖို့ နောက်ဆုံးရက် သတ်မှတ်ပေးခဲ့တဲ့ တနှစ်လောက် ကာလအတွင်း KIA နဲ့ မြန်မာစစ်အစိုးရအကြား အနည်းဆုံး ၁၅ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ KIA သတင်းရပ်ကွက်က ပြောပါတယ်။ KIA ကတော့ BGF ခေါ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ ပြည်ထောင်စုထဲက တပ်မတော်ထဲမှာ ရှိတဲ့ တပ်တခု အနေနဲ့သာ ပြင်ဆင် ဖွဲ့စည်းလိုတဲ့အကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့အစား ကချင်ဒေသ ကာကွယ်ရေးတပ်ကို ဖွဲ့ခွင့်ပေးဖို့၊ ပင်လုံစာချုပ်ပါ တိုင်းရင်းသား အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လက်နက်စွန့်မယ်ဆိုပြီး KIA ဘက်က စစ်အစိုးရကို တောင်းခံဖူးပါတယ်။ မြန်မာစစ်အစိုးရ ဘက်ကတော့ ဒီတောင်းဆိုချက်ကို လက်မခံသေးပါဘူး။ တကယ်လို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ပြန်လည် အဖြေပေးဖို့ စစ်အစိုးရဘက်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ကျော်သွားခဲ့မယ်ဆိုရင် မြန်မာစစ်အစိုးရဘက်က ဒီကိစ္စကို ဘယ်လို တုံ့ပြန်လာမလဲ၊ အဖြေ အတိအကျတော့ မသိရသေးပါဘူး။

<!-- IMAGE -->

KIA အဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ စစ်အင်အားကို သုံးတာက တိုင်းပြည်အတွက် အဖြေမဟုတ်တဲ့ အကြောင်း ဧပြီလ ၁၆ ရက်နေ့က လိုင်ဇာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်အစိုးရဘက်က ပြဿနာတွေကို အဖြေရှာဖို့ ဆန္ဒရှိမရှိ တွက်ရ ခက်ပါတယ်။ စစ်ရေးအရ ဖြေရှင်းလာမယ် ဆိုရင်တော့ သူတို့အတွက် အမှားကြီးတခုပါ။ တကယ်လို့ တရားနည်းလမ်းတကျ မတွက်ဘူး၊ သူတို့ လုပ်ချင်တဲ့အတိုင်းပဲ ဆက်လုပ်မယ်ဆိုရင် သူတို့ဘက်က စစ်အင်အားကို သုံးလာနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ ကောင်းကျိုးကို ကြည့်မယ်ဆိုရင်တော့ ဒီလို သူတို့ မလုပ်သင့်ပါဘူး။”

ဧပြီလ ၁၆ ရက်နေ့ကပဲ လိုင်ဇာဌာနချုပ်မှာ လူထုရှင်းလင်းပွဲ ကျင်းပပြီး မြန်မာစစ်အစိုးရနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အခြေအနေ KIA ဘက်က ရှင်းပြခဲ့ပါတယ်။ ကချင်ဒေသခံတွေကတော့ ကချင်ပြည်နယ်အတွင်း စစ်အစိုးရနဲ့ KIA တပ်ဖွဲ့အကြား လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပေါ်မှာကို စိုးရိမ်နေပါတယ်။

ဧပြီလ ၁၇ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီ အဆောက်အဦး နေရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တဲ့အတွက် ဒီဖောက်ခွဲ တိုက်ခိုက်မှုတွေမှာ KIA ပါမပါ မြန်မာစစ်အစိုးရဘက်က မေးမြန်း စုံစမ်းခဲ့ပါတယ်။ KIA ကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိတဲ့အကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

မြစ်ဆုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရဘက်က လုံခြုံရေး တင်းကျပ်လာတာ၊ KIA နဲ့ မြန်မာစစ်အစိုးရအကြား တင်းမာမှု ရှိလာနေတဲ့ အရိပ်အယောင်တွေလည်း ပိုပြီးတော့ တွေ့နေရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတယောက် ဖြစ်တဲ့ ဆာဟန်ခန်းကတော့ ကချင်ပြည်နယ်ဟာ ကချင်တိုင်းရင်းသားတွေတင် နေထိုင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရက ကချင်ပြည်သူတွေအပေါ် မတရား ဖိနှိပ်တာတွေ အများကြီး ရှိပါတယ်။ စစ်အစိုးရကို ပြန်တိုက်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြည်နယ်ထဲမှာ ကချင်တွေတင် နေတာ မဟုတ်ဘူးလေ။ ချင်းတွေရော၊ တရုတ်တွေရော၊ ရှမ်း၊ ဗမာ အားလုံး နေထိုင်ကြတာပါ။ အားလုံး ပျော်ပျော်ရွှင်ရွှင် နေနေကြတာကို ဖျက်ဆီးမပစ်စေချင်ပါဘူး။ ဒါပေမဲ့ မဖြစ်လို့ တိုက်ကို တိုက်ရမယ် ဆိုရင်တော့ ဘယ်တတ်နိုင်ပါ့မလဲရှင်။ တိုက်ကြရမှာပေါ့။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စက KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာစစ်အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ယူခဲ့တဲ့ ၁၆ နှစ်ကျော် ကာလအတွင်း အကြီးမားဆုံး ပေါ်ထွက်လာခဲ့တဲ့ သဘောကွဲလွဲချက် ပဋိပက္ခ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးအင်အား ၈,၀၀ ကျော်ရှိတဲ့ ကချင်လက်နက်ကိုင် အဖွဲ့ကတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတဲ့ တချိန်တည်းမှာ ဒီပြဿနာကို အတတ်နိုင်ဆုံး ဆွေးနွေးပြီး ပြေလည်အောင် ဖြေရှင်းသွားမယ်လို့ပဲ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG