သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်


တိုင်းရင်းသားလူမျိုးများ ရပိုင်ခွင့်တွေကို လွှတ်တော်အတွင်းကနေ တဖြည်းဖြည်းနဲ့ ချဲ့ထွင်ယူသွားရမယ်လို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကရင်ပြည်သူ့ပါတီက ပြောလိုက်ပါတယ်။ ဒီပါတီအနေနဲ့ သတ်မှတ်ချက်အရ ကရင်တိုင်းရင်းသားတွေ လူနည်းစု လူမျိုးအဖြစ် အခိုင်အမာ ရှိထားတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကထား ယှဉ်ပြိုင်သွားဖို့ စီစဉ်နေပါတယ်။ ကရင်တိုင်းရင်းသား ပါတီရဲ့ ရွေးကောက်ပွဲအကြို ရည်မှန်းချက်တွေ၊ ပြင်ဆင်မှုတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကရင်ပြည်သူ့ပါတီရဲ့ အဓိက ခေါင်းဆောင်ပိုင်းမှာတော့ အရင် ကရင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပစ်အခတ် ရပ်စဲရေးတွေဖြစ်ဖို့ ကြားဝင်ဆောင်ရွက်ခဲ့ဖူးတဲ့ ဒေါက်တာဆိုင်မွန်သာလို လူတွေ ပါသလို စစ်ဘက်နဲ့ ရဲဘက်မှာ ထိပ်ပိုင်း တာဝန်ကြီးကြီး ယူခဲ့ကြတဲ့ ကရင်တိုင်းရင်းသားတွေလည်း ပါဝင်ကြပါတယ်။ ကရင်ပြည်သူ့ပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ယူဆချက်၊ တိုင်းရင်းသား ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ အမြင်တွေကို ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ရဲမှူးကြီးဟောင်း စောဆေးဝါးကို မေးမြန်းထားပါတယ်။

“လုပ်နိုင်သလောက် လုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုအတွက်ပေါ့ဗျာ။”

ကရင်ပြည်သူ့ပါတီ အနေနဲ့က အခု ရွေးကောက်ပွဲ ဝင်မယ်ဆိုတာ ကရင်ပြည်နယ် အတွင်းမှာပဲ အဓိက ပြိုင်မှာလား၊ တခြားနေရာတွေမှာရော ပြိုင်ဖို့ အစီအစဉ် ပါလား။

“ကျနော်တို့က တပြည်လုံး ပြိုင်ဖို့တော့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပါတီအသစ်ဆိုတော့ ကျနော်တို့ အဆင်ပြေမယ့်၊ အကျိုးဖြစ်မယ့် နေရာကိုပဲ အဓိကထား ရွေးပါတယ်။”

အဓိက ဘယ်နေရာတွေ ဦးစားပေးပြီး ရွေးသွားဖို့ စဉ်းစားထားလဲ။

“ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ အဲဒီ ၅ နေရာက အဓိကပေါ့။ မဏ္ဍိုင်ဒေသဆိုတာ ရှိတယ်၊ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေကို သီးခြား အင်အား ဝ.၅% အင်အားရှိရင် အဲဒီမှာ သီးခြား လွှတ်တော်အမတ် တနေရာပေးဖို့ ရှိတယ်လေ။ အဲဒီနေရာကို ဦးစားပေးပြီး ဝင်ပြိုင်ပါမယ်။”

ကရင်ပြည်သူ့ပါတီမှာ ဘယ်သူတွေ ပါလဲခင်ဗျ။ အဓိက ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတာလဲ၊ ခေါင်းဆောင်ပိုင်းပေါ့။

“ကျနော်တို့ နာမည်စာရင်းတော့ ၁၅ ယောက် တင်ထားပြီးသားလေ။ ဥက္ကဋ္ဌက ဦးစောထူးအောင်မြင့် ပါတယ်၊ ဒု-ဗိုလ်မှူးကြီးနဲ့ ရေတပ်က အငြိမ်းစားပါ။ ရေကြောင်းပို့ဆောင်ရေးမှာ MD လုပ်ခဲ့ပါတယ်။ အဲဒီက ပင်စင်စားပါတယ်။ ဒုတိယဥက္ကဋ္ဌ ၂ က ဗိုလ်မှူးကြီး စောအေးကိုပါ၊ ဒု-တိုင်းမှူးနဲ့ အငြိမ်းစားပါ။ အထွေထွေ အတွင်းရေးမှူးက ကျနော် တာဝန်ယူထားပါတယ်။ ကျနော် ရဲမှူးကြီး စောဆေးဝါးပါ၊ အငြိမ်းစားပါ။”

တခြား မှတ်ပုံတင်တဲ့ အထဲမှာ နောက်ထပ် ကရင်ပါတီတခုလည်း တင်ထားတယ်လို့ ကြားရပါတယ်။

“Union Karen League ဆိုတာ ပါတီအဟောင်းပါ၊ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကျန်တဲ့ပါတီ ၁၀ ပါတီထဲမှာ အဲဒီပါတီ တခုပဲ ကျန်ပါတယ်။”

အလံကတော့ ကရင်အမျိုးသား အလံကိုပဲ သုံးထားတယ်လို့ သိရပါတယ်။

“မဟုတ်ဘူးဗျ၊ အဲဒါတွေလည်း ကွဲကွဲပြားပြားလေး သိချင်တယ်။ တလောတုန်းက UKL က တင်တဲ့အခါမှာ သူတို့ရဲ့ ပါတီအလံက ကရင်အမျိုးသားအလံ ဖြစ်နေတယ်။ အဲဒါကို ကရင်ယဉ်ကျေးမှု စာပေအဖွဲ့တွေက ကန့်ကွက်ထားပါတယ်။ ကော်မရှင် အမိန့်ထဲမှာလည်း ပါပြီးသားဗျ။ နည်းဥပဒေထဲမှာ။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်က ကြေညာလိုက်တဲ့သဘောပဲ။ အဲဒီလို ကြေညာလိုက်တဲ့အခါ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေက ကန့်ကွက်လိုက်တာပါ။”

နောက်တချက် မေးချင်တာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ပါ။ တိုင်းရင်းသားတချို့၊ အရင်ရှိပြီးသား တိုင်းရင်းသား နိုင်ငံရေး ပါတီတွေရော၊ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်း တချို့ကရော ၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို အပြည့်အ၀ ကိုယ်စားမပြုနိုင်ဘူး၊ ဒါကြောင့် သူတို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ပြောတာဆိုတာ ရှိပါတယ်။ ကရင်ပြည်သူ့ပါတီရဲ့ သဘောထားကရော ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့၊ တိုင်းရင်းသား ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ထားလဲခင်ဗျ။

“ကျနော်တို့ အမြင်ကတော့ ဒီမိုကရေစီကို ချက်ချင်း ဗြုန်းဒိုင်းကြီး ပြောင်းလဲနိုင်စရာ အကြောင်း မရှိဘူးလေ။ တဆင့်ချင်း တဖြည်းဖြည်းနဲ့ ကူးပြောင်းလို့ရမယ် ဆိုတဲ့သဘော ရှိတယ်။ အဲဒါ ဒီအခြေအနေ၊ ဒီအနေအထားကို အခွင့်အရေးယူပြီး ပါဝင်ခြင်း ဖြစ်ပါတယ်။”

တဖြည်းဖြည်း အသွင်ကူးပြောင်းသွားဖို့ လိုတယ်ဆိုတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံပါ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို နောက်ပိုင်း လွှတ်တော်ထဲမှာ ပြန်ပြင်သွားနိုင်မယ်လို့ရော ယူဆနိုင်ပါသလား။ ရပိုင်ခွင့် အပြည့်ဖြစ်လာအောင် တဖြည်းဖြည်းနဲ့။

“ဒီလိုပဲ space ကို တဖြည်းဖြည်း တိုးချဲ့သွားရမယ့်သဘော ရှိပါတယ်။ ဒီအဆင့်မှာ တဖြည်းဖြည်း မလုပ်ရင် ကျနော်တို့ ဘယ်လိုကူးမလဲ၊ ဘယ်လို ပြောင်းကြမလဲ။ နည်းလမ်းမရှိဘူးလေ၊ နည်းလမ်းမရှိလို့ ဒီလမ်းပဲ ရွေးကြရမယ်လို့ ထင်ပါတယ်။”

လက်ရှိ ဖွဲ့စည်းပုံအရ ဆိုရင်တော့ လွှတ်တော်ထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေကလည်း သုံးပုံတပုံလောက် ပါတာကိုး။ အဲတော့ တကယ်တမ်း အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ရော ကိုယ်တင်ပြချင်တဲ့ အခြေအနေ၊ ကိုယ်ပြုပြင်ချင်တဲ့ အခြေအနေကို လွှတ်တော်ထဲမှာ နင်လားငါလား ပြောဆိုနိုင်မယ့် အခွင့်အလမ်း ရမယ်လို့ရော ယူဆပါသလား။

“ကျနော်လည်း တပ်မတော်ကလာတဲ့ အရာရှိပါပဲ။ တခြားအဖွဲ့တွေလည်း ဒီလိုပါပဲ။ ဝန်ထမ်းဟောင်းတွေ ရှိတယ်၊ တပ်မတော်ကလာတဲ့ အရာရှိတွေ ရှိတယ်၊ ရဲကလာတဲ့ အရာရှိတွေ ရှိတယ်။ လွှတ်တော်မှာ ဒီပုဂ္ဂိုလ်တွေ၊ ကျနော်တို့ ဒီမိတ်ဆွေတွေပဲ ပြန်တွေ့ကြမှာပဲဗျ။ တယောက်နဲ့တယောက် ညှိညှိနှိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ လုပ်သွားရမယ့် သဘော ရှိပါတယ်။”

အခု လက်ရှိအားဖြင့်တော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၁၉ ခု ရှိထားပြီလို့ သိရပါတယ်။ ဒီအထဲမှာ လူနည်းစု တိုင်းရင်းသားပါတီပေါင်း ၉ ခု ရှိထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG