သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြို့ကြီးတချို့မှာ တောင်းဆိုချက်စာတွေ ဖြန့်ဝေ


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး မြို့ကြီးတချို့မှာ လှုံ့ဆော်စာတွေကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး စတဲ့မြို့တွေမှာ ဖြန့်ဝေခဲ့တဲ့ စာတွေမှာတော့ နိုင်ငံရေး တောင်းဆိုချက်တွေသာ မက တခြား ရေ မီး အပြည့်အစုံ ရရှိရေး၊ အခွန်အကောက်တွေ လျှော့ပေါ့ရေး စတဲ့ လူမှုရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဖို့ တောင်းဆိုချက်တွေလည်း ပါဝင်တဲ့အကြောင်း မြို့ခံတွေက ပြောပြကြပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဒီနှစ်ထဲ ကျင်းပမယ့်ကိစ္စကို လက်မခံကြဖို့ အပါအဝင် နိုင်ငံရေး၊ လူမှုရေး တောင်းဆိုချက်တွေ ပါဝင်တဲ့ လှုံ့ဆော်စာတွေကို မော်လမြိုင်၊ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ မြို့လယ်ကောင်မှာ ကျဲချ ဖြန့်ဝေသွားတာဖြစ်ကြောင်း စာတွေကို လက်ခံရရှိခဲ့တဲ့ ပြည်သူတဦးက အခုလို ပြောပါတယ်။

“ဒီနေ့ ရန်ကုန်မြို့ထဲက ဗန္ဓုလလမ်းနဲ့ ဆူးလေဘုရား ပွိုင့်လောက်မှာ ဒီစာတွေ ကပ်တာမဟုတ်ဘူး၊ ကျဲသွားတာပေါ့ဗျာ။ တချို့လည်းရတယ်၊ တချို့လည်း ကောက်ကြတယ်ပေါ့ဗျာ။ ကောက်တဲ့အထဲမှာ ကျနော်လည်း ပါတယ်။ အဲဒီစာထဲမှာ ၁- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေး၊ ၂- ၂၀၁၀ ရွေးကောက်ပွဲကို လုံး၀ သူတို့ အယုံအကြည် မရှိဘူး၊ ဖျက်သိမ်းပေး၊ ၃- လျှပ်စစ်မီး ၂၄ နာရီ ရရှိအောင် အမြန်ဆုံး အကောင်အထည် ဖော်ပေး၊ ၄- အခြေခံ စားကုန်ဖြစ်တဲ့ ဆီ၊ ဆန်၊ ငရုတ်၊ ကြက်သွန်၊ အကုန်လုံးကို ကုန်ဈေးနှုန်းများ ကျဆင်းအောင် လုပ်ပေးရေးဆိုပြီး ပါတယ်။ အောက်က JAC ဆိုပြီး ရေးထားတယ်။”

တချို့ ရန်ကုန်မြို့ခံတွေ ပြောပြတာကတော့ မြို့သစ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ လမ်းဆုံတွေ၊ တောင်ဥက္ကလာက ပဒေသာရုံနား စတဲ့နေရာတွေမှာ စာတွေကပ်တာမျိုး၊ ဝေတာမျိုးတွေကို လုပ်တာ တွေ့ခဲ့ရကြောင်း ပြောပါတယ်။ မော်လမြိုင်မြို့မှာလည်း အလားတူ စာမျိုးတွေကို ကပ်တာတွေ့ရကြောင်း အငှား ဆိုင်ကယ်မောင်းသမား တဦးကလည်း အခုလို ပြောသွားပါတယ်။

“ဆိုင်ကယ်ဆွဲရင်းနဲ့ တွေ့တာကတော့ တပေပတ်လည် စာရွက်အဖြူပေါ်မှာ အပြာရောင် စာလုံးတွေနဲ့ ရေးထားတယ်။ အဲဒီမှာ ၅ ချက် ရေးထားတယ်။ ဈေးချိုမှာ တွေ့ရတယ်၊ လမ်းဆုံက နာရီစင်မှာလည်း တွေ့ရတယ်၊ ကပ်ထားတာ။ ဘူတာဘက်မှာလည်း တွေ့ရတယ်။ ကျန်တဲ့နေရာတွေမှာ သူများပြောတာတော့ လူများတဲ့ နေရာမှာ တွေ့ရတယ်။ အားလုံး နေရာတိုင်းမှာ လိုက်ကပ်ထားတာ တွေ့ရတယ်။ ပြောသံကြားတာ ဖတ်တဲ့လူတွေ အားလုံးကတော့ ကြိုက်ကြတယ်၊ ၅ ချက်စလုံးကို။ ရေကလည်း ဒီမှာ ပုံမှန်မရ၊ မီးကလည်း ပုံမှန်မရ ဖြစ်နေတယ်၊ ကျနော်တို့ ရပ်ကွက်တွေမှာ။”

ပဲခူးမြို့မှာလည်း အလားတူ စာတွေကပ်တာ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အထက ၄ မှာ စုရုံး စုရုံးတွေ့တော့ ကျနော် သွားကြည့်တာ၊ အဲဒီမှာ စာရွက်တွေ ခွာနေတာကို တွေ့တယ်။ နောက်က ဖတ်ကြည့်လိုက်တော့ ၁- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေး၊ ၂- ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ။”

အစိုးရဆန့်ကျင်ရေး တောင်းဆိုချက်တွေ အပါအဝင် ပြည်သူလူထုရဲ့ နစ်နာချက်တွေ ပါဝင်တဲ့အတွက် ပြည်သူတချို့ကတော့ စိတ်ဝင်စားနေကြပါတယ်။ အခုထိတော့ ဖမ်းဆီးတာမျိုးတွေ လုပ်တာတော့ မတွေ့ရသေးကြောင်း ရန်ကုန်မြို့ခံက ဆက်ပြောသွားပါတယ်။

“အခုလက်ရှိ အခြေအနေအထိတော့ ကျဲတဲ့လူကိုလည်း သူတို့ မသိဘူးလေ။ ကျနော်တို့ ကိုယ်တိုင်လည်း မသိဘူးပေါ့ဗျာ၊ အောက်က JAC လို့ ရေးထားတာပဲ ကျနော်တို့ သိတယ်။ သူတို့အနေနဲ့လည်း လိုက်ဖမ်းတယ် ဆီးတယ်ဆိုတာတော့ လုံး၀ မကြားဘူး။”

ဒါကတော့ နိုင်ငံရေး လှုပ်ရှားမှုတွေပါတဲ့ စာတွေ ကပ်တာ၊ လမ်းတွေပေါ်မှာ ကျဲချတာတွေကို လူထုကြားမှာ လုပ်ဆောင်နေတာ တွေ့ရကြောင်း ပြောဆိုချက်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG